Connect with us

Local

စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍ အစရှိသည့်တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်ထား

ရန်ကုန်မြို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ကာလအလွန် စီးပွားရေးပြန်လည် ကောင်းမွန်လာစေရန်အတွက် စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာရောက်ရင်းနှီးမြှုပ်နှံရန် ယခင်ကထက် ပိုမိုဖိတ်ခေါ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး က “ ကျွန်တော်တို့တိုင်းပြည်အတွက် နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးရှိရင် နိုင်ငံတိုင်းကို ရင်းနှီးမြှုပ်နှံဖို့အတွက် ဖိတ်ခေါ်ပါတယ်။တရုတ်နိုင်ငံဆိုရင်လည်း မြန်မာနိုင်ငံမှာကြည့်လိုက်ရင်အများဆုံးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံထဲမှာပါတယ်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံတို့ ၊ အိန္ဒိယနိုင်ငံတို့နဲ့ မဟာဗျူဟာအချက်အချာကျကျတည်ရှိနေလို့ ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းကောင်းတွေ ရှိပါတယ်။ ဒါကြောင့်စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ရေးကဏ္ဍ၊ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ထားပါတယ်။’’ ဟုဆင်ဟွာသို့ အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍ၊အခြေခံအဆောက်အအုံကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ များတွင်လည်း ဦးစားပေး၍ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ လွယ်ကူချောမွေ့စေရေးအတွက် ကုမ္ပဏီမှတ်ပုံတင်ခြင်းများကို အွန်လိုင်းဖြင့် ဆောင်ရွက်နိုင်ရန် MyCo စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ထားကြောင်း၊ အွန်လိုင်းမှ အခွန်ငွေအားပေးဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများကြား လုပ်ထုံးလုပ်နည်းများ တပြေးညီဖြစ်စေရေး စံလုပ်ထုံးလုပ်နည်းများအား ရေးဆွဲလျက်ရှိကြောင်းသိရသည်။

ထို့ပြင် COVID-19 ကာလစီးပွားရေးကုစားမှုအစီအစဉ် (CERP) နှင့်အညီ စီးပွားရေးသက်ရောက် မှုများအားလျှော့ချရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကပ်ရောဂါအလွန်ကာလ တွင် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း နှင့် ချိတ်ဆက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)