Connect with us

Local

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု တည်ငြိမ်စွာဖွံ့ဖြိုးရေးကို မြှင့်တင်သွားရန် အရေးပါသော သဘောတူညီချက်များ ရရှိ

တရုတ်-မြန်မာကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေးလုပ်ငန်းအဖွဲ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပထမအကြိမ်အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန် ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) 

တရုတ်-မြန်မာ ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေးလုပ်ငန်းအဖွဲ့သည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပထမအကြိမ်အစည်းအဝေးကို ဩဂုတ် ၂၅ ရက်တွင် ကျင်းပခဲ့ပြီး အနာဂတ်တွင် တရုတ်-မြန်မာကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေးလုပ်ငန်းအဖွဲ့ယန္တရားကို အသုံးချ၍ နှစ်နိုင်ငံကုန်သွယ်မှု တည်ငြိမ်စွာဖွံ့ဖြိုးရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အရေးပါသော သဘောတူညီချက်များကို ရရှိခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ယခုနှစ်နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံခရီးစဉ် လာရောက်စဉ် ဖြစ်ထွန်းခဲ့သည့် အရေးပါသော စီးပွားကုန်သွယ်ရေး ရလဒ်ကောင်းများနှင့် တရုတ်- မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးမှုတွင် ရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရန် အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ညှိနှိုင်းမှုအရ အဆိုပါ အစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တရုတ်-မြန်မာကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေးလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တက်ရောက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ – Chinese Embassy in Myanmar) 

ယင်းအစည်းအဝေးတွင် နှစ်ဦးနှစ်ဖက် အလေးထားကြသည့် နယ်စပ်ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေး ၊ အစားထိုးစိုက်ပျိုးရေး ၊ လယ်ယာထွက်ကုန် ရောဂါပိုးမွှား စစ်ဆေးရေး ၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး၊ နှစ်ဦးနှစ်ဖက်နှင့် ဘက်ပေါင်းစုံဆိုင်ရာပြပွဲများကျင်းပရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ၊ တရုတ်-မြန်မာ ကုန်သွယ်မှု ခြေလှမ်းမှန်မှန်ဖြင့်တိုးတက်နေခြင်း၊ အဆက်မပြတ်ပိုမိုလွယ်ကူချောမွေ့လာခြင်းစသည့်ရလဒ်

ကောင်းများကို အသိအမှတ်ပြုပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အတည်ပြုခဲ့ကြောင်း သိရသည်။ တရုတ်-မြန်မာ ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးသို့ တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Weiqun၊ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းတို့ အတူတကွကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှစီးပွားရေးသံမှူး Mr. Tan Shufu၊ တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wei Yan ၊ ယူနန်ပြည်နယ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zhou Xuewen ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဒေါ်ရွှေစင်ဦးနှင့် တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊အကောက်ခွန်ဌာနချုပ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.