Connect with us

Local

ပင်လယ် ရေကြောင်းမှ ဆန်ဖြူနှင့် ပေါင်းဆန် အမေရိကန် ဒေါ်လာ ၁.၄၂၇ သန်းကျော် တင်ပို့

မြန်မာနိုင်ငံရှိ ဆိပ်ကမ်း တစ်ခုတွင် ပြည်ပသို့ တင်ပို့နေသော ဆန်များ အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပြည်ပသို့ ဆန်တင်ပို့မှုတွင် ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ ယခု ရက်သတ္တပတ် အတွင်း ဆန်ဖြူနှင့် ပေါင်းဆန်များ အမေရိကန် ဒေါ်လာ ၁.၄၂၇ သန်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

ယင်း တင်ပို့မှုတန်ဖိုးသည် ယခင် ရက်သတ္တပတ် တင်ပို့မှုထက် ဆန်တန်ချိန် ၇၇၂ တန် လျော့နည်းခဲ့ပြီး ယခင် ရက်သတ္တပတ် တင်ပို့နိုင်မှုနှင့် ယခု ရက်သတ္တပတ် တင်ပို့နိုင်မှု နှိုင်းယှဉ်လျှင် အနည်းငယ် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ယခင် ရက်သတ္တပတ် ကထက် အနည်းငယ် လျော့နည်း တင်ပို့ခဲ့ရသော်လည်း မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ဆန် တင်ပို့နိုင်မှုမှာ ယခင် ရက်သတ္တပတ်ထက် ယခု ရက်သတ္တပတ်တွင် တန်ချိန် ၉,ဝဝဝ ကျော် ပိုမို တင်ပို့နိုင်ခဲ့သည်။

ပြည်ပသို့ ဆန်တင်ပို့သည့် ယခု ရက်သတ္တပတ် အတွင်း နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ တန်ချိန် ၉,ဝဝဝ ကျော်ပို၍ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉.၃၉၁ သန်း ကုန်သွယ်မှု ပြုလုပ် နိုင်ခဲ့သော်လည်း မူဆယ် နယ်စပ်တွင် တရုတ် နိုင်ငံ ဘက်မှ ငါးယွမ်ခန့်ဈေး လျှော့ဝယ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။

ယခု ရက်သတ္တပတ် အတွင်း အမေရိကန် ဒေါ်လာ ၁.၄၂၇ သန်း တန်ဖိုးရှိ ဆန်ဖြူနှင့် ပေါင်းဆန်များကို စင်ကာပူ၊ အီတလီနှင့် ပိုလန် နိုင်ငံတို့ တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း ဈေးကွက် အတွင်း ပေါ်ဆန်းမွှေး အသစ် တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၂၄,၅ဝဝ မှ အမြင့်ဆုံး ကျပ် ၂၇,၅ဝဝ ဖြစ်ကာ ဧည့်မထ ဆန်သစ် တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၁၉,ဝဝဝ မှ အမြင့်ဆုံးကျပ် ၂၂,ဝဝဝ ဖြစ်ကြောင်း သိရသည်။ (Xinhua)