Connect with us

Local

ယခုနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျောက်မျက်ရတနာ အထူးကုန်စည်ခွန်ကို ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံမည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည် ပြပွဲအား ၂၀၁၈ ဇန်နဝါရီလက ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပ ပြုလုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ  ၃၀ ရက် (ဆင်ဟွာ)

ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ကျောက်မျက်ရတနာ အထူးကုန်စည်ခွန်ကို ၂၀၁၉ ခုနှစ်တွင် ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင်ဖော်ပြခဲ့သည်။

အဆိုပါ ကျောက်မျက်ရတနာများကို ရတနာခွန်အဖြစ်ပြောင်းလဲ ကောက်ခံရာတွင် စျေးကွက်၌ ရောင်းချသည့် တန်ဖိုးပေါ်တွင် အခြေပြုပြီး အခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၈ – ၂၀၁၉ ခုနှစ်တွင် အထူးကုန်စည်ခွန်အဖြစ် ကျောက်စိမ်းအရိုင်းထည်များကို ၁၅ ရာခိုင်နှုန်းမှ ယခု ၁၁ ရာခိုင်နှုန်းအားလည်းကောင်း၊ ယခင် စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်းမှ ယခု ၉ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲ ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။ ကျန်ရှိသော စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များစွဲကပ်ထားသည့် လက်ဝတ်ရတနာ အချောထည်များကို ၅ ရာခိုင်နှုန်း၊ ကျောက်မျက်ရတနာဖြင့်ပြုလုပ်ထားသော ပစ္စည်းများကို ၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)