Connect with us

Business

တရုတ်ခရီးသွားများ ဝင်ရောက်မှုနှင့်အတူ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာ

ပုဂံသို့လာရောက်သော ခရီးသွားဧည့်သည်များ မြင်းလှည်းစီးနေမှုအား ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ ဝင်ရောက်လာသောကြောင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် သိသိသာသာ ပြန်လည်ကောင်းမွန်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလတွင် ပြည်တွင်း၌ နိုင်ငံတကာ ပုံမှန်လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်မှုနှင့်အတူ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ယမန်နှစ်ကာလတူကထက် ၁၈၇ ရာခိုင်နှုန်း တိုးလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ဇော်သိန်းက ဆင်ဟွာသို့ပြောကြားချက်အရ သိရသည်။

ပုဂံ ဘုရားများရှေ့တွင် ခရီးသွားဧည့်သည်များ စောင့်ဆိုင်းနေသော မြင်းလှည်းတစ်စီးအား ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပုဂံသို့လာရောက်သော ခရီးသွားဧည့်သည်များက ပုဂံဘုရားများကို ဓာတ်ပုံရိုက်ကူးနေမှုအား ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၂ ခုနှစ်၊ ဧပြီလက စတင်ပြီး ၂၀၂၃ ခုနှစ် မတ်လတွင်ကုန်ဆုံးသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် စုစုပေါင်း ၃၆၇,၃၆၈ ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကာလတူကဝင်ရောက်ခဲ့သော ခရီးသွားဧည့်သည် ၁၂၇,၉၈၉ ဦးနှင့် နှိုင်းယှဉ်ပါက ပိုမိုတိုးတက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

ပြည်တွင်းသို့ ဝင်ရောက်လာသော ခရီးသွားဧည့်သည် ၃၆၇,၃၆၈ ဦး အနက် ၄၈,၃၄၂ ဦး သို့မဟုတ် ခရီးသွားဧည့်သည် စုစုပေါင်း၏ ၁၃.၁၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က “တရုတ်နိုင်ငံရဲ့ ခရီးသွားဈေးကွက်ကအရမ်းကြီးပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ခရီးသွားဒေသနေရာတွေကို ကျွန်တော်တို့ အနေနဲ့ ပိုမိုသိရှိအောင် ဆောင်ရွက်နိုင်ရင် တရုတ်ခရီးသွားဧည့်သည်တွေ ပိုများလာမယ်လို့ ထင်ပါတယ်’’ ဟု ဆင်ဟွာသို့ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်ရန် ကြိုးပမ်းလျက်ရှိပြီး အိန္ဒိယ၊ ရုရှား၊ အရှေ့တောင်အာရှနိုင်ငံများနှင့်အခြားနိုင်ငံများမှ ခရီးသွားဧည့်သည်များကို ပိုမိုဝင်ရောက်လာရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဦးလှမြင့်ကဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် တရုတ်ခရီးသွားများအား ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ် သြဂုတ်လ၌ နေပြည်တော်တွင် အခြေခံ တရုတ်စကားပြောသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိထင်ရှားသည့် ခရီးစဉ်ဒေသများဖြစ်သော ပုဂံမြို့၊ မန္တလေးမြို့ ၊ ကျိုက်ထီးရိုးဘုရား နှင့် အင်းလေးကန် အပါအဝင် မြန်မာနိုင်ငံရှိ ထင်ရှားသော နေရာများသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အများဆုံးသွားရောက်ကြကြောင်း သိရသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည် အချို့မှာမူ ငပလီနှင့် ချောင်းသာတို့ကဲ့သို့ ကမ်းခြေနေရာများကို သွားရောက်ကြကြောင်း သိရသည်။

“လက်ရှိမြန်မာနိုင်ငံအနေနဲ့ဆိုရင် ငပလီကမ်းခြေနဲ့ ရန်ကုန်မြို့က လုံခြုံပြီး သွားလာရလွယ်ကူတဲ့အတွက်ကြောင့် နိုင်ငံခြားသားခရီးသွားဝင်ရောက်ဖို့ အတွက် အလားအလာကောင်းတွေရှိပါတယ်။ ရန်ကုန်မှာဆိုရင်လည်း ရွှေတိဂုံဘုရား၊ ထိုင်းနိုင်ငံက ဧည့်သည်တွေကဆိုရင် ဗိုလ်တထောင်ဘုရား တွေသွားကြတာတွေရှိပါတယ်” ဟု ဦးလှမြင့်က ဖြည့်စွက်ပြောကြားသည်။

“မြန်မာနိုင်ငံက ဘုရားတွေ အထူးသဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဘုရားပုထိုးတွေနဲ့ အင်းလေးကန်ရဲ့ ခြေထောက်နဲ့လှေလှော်တဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေကို ခရီးသွားဧည့်သည်တွေ အရမ်းကြိုက်ကြပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို နှစ်သက်သဘောကျပြီး ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေ့လာလို့ရတဲ့ ခရီးစဉ်ဒေသတွေကို ခရီးသွားတွေ ပိုပြီး အသွားများတာတွေ့ရပါတယ်” ဟု ဦးတင်ဇော်သိန်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်၍ မြန်မာ့ခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်ရန်နှင့် ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်ရန်အတွက် နိုင်ငံတကာ ခရီးသွားပြပွဲများတွင်လည်း ပါဝင်ပြသရန် စီစဉ်နေကြောင်းဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)