Connect with us

Culture & Entertainment

တရုတ် နိုင်ငံ အရှေ့ပိုင်း၌ ရှေးဟောင်း သင်္ချိုင်းဂူ အများအပြား တူးဖော် တွေ့ရှိ

သင်္ချိုင်းဂူ အတွင်းမှ တူးဖော်တွေ့ရှိခဲ့သည့် ကြွေထည်များအား တွေ့ရစဉ်(ဆင်ဟွာ)

နန်ချန်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ အရှေ့ပိုင်း ကျန်းရှီး ပြည်နယ်၌ သက်တမ်း နှစ်ပေါင်း ၁,၄၀၀ ရှိ ရှေးဟောင်း သင်္ချိုင်းဂူ ၇၃ လုံးကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော် တွေ့ရှိခဲ့ကြောင်း ဒေသတွင်း ယဉ်ကျေးမှု အမွေအနှစ် နှင့် မနုဿဗေဒ ဌာနက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တူးဖော် တွေ့ရှိမှု အများစုသည် မင်းဆက် ၆ ဆက်ခေတ်(အေဒီ ၂၂၂-၅၈၉)ခုနှစ်တွင် တည်ဆောက်ခဲ့သော ဂူသင်္ချိုင်းများ ဖြစ်ဖွယ် ရှိကြောင်း ယုံကြည်ရသည်။ကန့်ကျန်း ခရိုင်သစ် ၊ နန်ချန်းမြို့ တွင် တည်ရှိသော ၈,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသည့် ယင်းသင်္ချိုင်းဂူနေရာကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် တူးဖော်မှု စတင်ခဲ့ကြောင်း သိရသည်။

သင်္ချိုင်းဂူ အတွင်းမှ တူးဖော်တွေ့ရှိခဲ့သည့် အိုးခွက်အား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ နေရာတွင် အိမ်ထောင် ပရိဘောဂ အသုံးအဆောင်များ ၊ ရုပ်ပုံများ နှင့် လက်နက်များ အပါအဝင် ကြွေထည် ၊ အိုးခွက် ၊ သတ္တု နှင့် စဉ့်ထည် ပစ္စည်း အမျိုးအစား ၇၀၀ ကျော်ကို တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းတူးဖော်တွေ့ရှိခဲ့သည့် ကြွေထည်များသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ် ၊ အရှေ့ပိုင်း ကျဲကျန်း ပြည်နယ် နှင့် ကျန်းရှီး ပြည်နယ်တို့မှ ထုတ်လုပ်ခဲ့သည်ဟု ယူဆရကြောင်း ၊ ယင်းတို့မှာ တရုတ် နိုင်ငံ၏ အရှည်လျားဆုံး မြစ်ဖြစ်သည့် ယန်ဇီမြစ် တစ်လျှောက် ကုန်သွယ်ရေး ဖြစ်ထွန်းမှု နှင့် ရေကြောင်း ခရီး တွင်ကျယ်မှု တို့ကို ညွှန်ပြနေကြောင်း နှင့် ရှေးဟောင်း ရေကြောင်း ပိုးလမ်းမ လေ့လာမှု အတွက် သက်သေ အထောက်အထားများ ဖြစ်စေကြောင်း သိရသည်။

အခြားရှာဖွေတွေ့ရှိမှုများနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုတစ်ကြိမ်သည် ရှားရှားပါးပါး အရေအတွက် အမြောက်အများ နှင့် ပုံစံ အမျိုးမျိုးသော ရှေးဟောင်း ပစ္စည်းများကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ သင်္ချိုင်းဂူများတွင် ကွဲပြားခြားနားသော ဒေသဆိုင်ရာ သွင်ပြင် လက္ခဏာများကိုလည်း တွေ့မြင်ခဲ့ရကြောင်း ပီကင်း တက္ကသိုလ် ရှေးဟောင်း သုတေသန နှင့် ပြတိုက် ဘာသာရပ် ဆိုင်ရာ ဌာန ပါမောက္ခ Wei Zheng က ပြောကြားခဲ့သည်။ယင်းမှာ နန်ချန်းမြို့၏ သမိုင်း နှင့် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေး အတွက် သာမက ရှေးဟောင်း တရုတ် နိုင်ငံတွင် ယဉ်ကျေးမှု ဖလှယ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက်လည်း အရေးပါကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)