Connect with us

Economy

တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲတွင် ယွမ် ၁၈၅ ဘီလီယံ တန်ဖိုးရှိသော သဘောတူစာချုပ်များ လက်မှတ်ရေးထိုး


ရင်ချွမ်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိန်ကျားဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲ၌ ယွမ် ၁၈၅ ဒသမ ၄၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ) တန်ဖိုးရှိသော သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

သဘောတူလက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များတွင် ခေတ်မီ စိုက်ပျိုးရေးလုပ်ငန်း၊ နည်းပညာမြင့်လုပ်ငန်း၊ ပစ္စည်းကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊ အခြေခံအဆောက်အအုံလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စွမ်းဆောင်ရည် ပူးပေါင်းဆောင်ရွက်မှု၊ စက်မှုဥယျာဉ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် Internet plus ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့အပါအဝင် နယ်ပယ်များစွာ ပါဝင်သည်။

စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲသို့ တက်ရောက်လာသူများနှင့် ပြပွဲအတွင်း ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါပူးပေါင်းဆောင်ရွက်မှုအသစ်သည် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် ဖော်ဆောင်ခြင်းအား အရှိန်အဟုန် မြင့်မားစေရန်နှင့် ထိုအဆိုပြုချက်တွင် ပါဝင်သည့် နိုင်ငံများအား တိုးတက်မှုရှိသော အခွင့်အလမ်းသစ် ဆောင်ကြဉ်းပေးရန် မျှော်မှန်းကြောင်း ကုန်စည်ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက ဆိုသည်။

ယခုနှစ်၏ တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲအား နိန်ကျားဟွေ့ဒေသ၏ မြို့တော် ရင်ချွမ်းတွင် စက်တင်ဘာလ ၅ ရက်မှစတင်ကာ စက်တင်ဘာလ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲသို့ နိုင်ငံ ၈၉ နိုင်ငံမှ ဒေသဆိုင်ရာ အဖွဲ့အစည်း၊ ကုန်သည်ကြီးများအသင်း၊ အသင်းအဖွဲ့နှင့် စီးပွားရေးလုပ်ငန်း ၂,၉၀၀ ခု တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်ကစတင်ခဲ့သည့် အဆိုပါ ကုန်စည်ပြပွဲအား နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အား ပူးတွဲလိုက်ပါဖော်ဆောင်ရန် တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)