Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံမှ သင်္ဘောတစ်စင်း ယန်စီမြစ် အတွင်း နစ်မြုပ်ပြီး ခရီးသည် ၄၀၀ ကျော်ပျောက်ဆုံး

ယန်စီမြစ် အတွင်း ကယ်ဆယ်ရေး အဖွဲ့များမှ “Eastern Star” သင်္ဘော နစ်မြုပ်ရာ နေရာတွင် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဝူဟန့် ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နန်ကျင်းမှ ချုန်ချင့်သို့ ထွက်ခွာ လာသော ခရီးသည်တင် သင်္ဘော တစ်စင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ဟူပိန် ပြည်နယ် ယန်စီ မြစ်တွင် ဇွန်လ ၁ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီ ၂၈ မိနစ်တွင် ရုတ်တရက် လေဆင်နှာမောင်း ဒဏ်ကြုံတွေ့မှု ကြောင့် နစ်မြုပ်ခဲ့ ရာမှ ယခု အချိန်အထိ ခရီးသည် ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၄၀၀ ကျော် ပျောက်ဆုံး နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်အထိ ရရှိသော သတင်းများအရ အခင်း ဖြစ်ပွားရာ နေရာတွင် သေဆုံးသူ အလောင်း ၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒေသ ဆိုင်ရာ အစိုးရမှ သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ယန်စီမြစ် ရေကြောင်း ညွှန်ကြားရေး ဌာနမှ ရရှိသော နောက်ဆုံး သတင်း အရ နစ်မြုပ်ခဲ့သည့် သင်္ဘောတွင် ခရီးသည် ၄၅၈ ယောက် ပါရှိပြီး ၎င်းတို့တွင် ခရီးသွား ဧည့်သည် ၄၀၆ ယောက် ၊ ခရီးသွား အေဂျင်စီမှ ဝန်ထမ်း ၅ ယောက်နှင့် သင်္ဘော ဝန်ထမ်း ၄၇ ယောက် တို့ ပါဝင်သည်။နစ်မြုပ်ခဲ့သည့် သင်္ဘောသည် ချုန်ချင့် အရှေ့ပိုင်း သင်္ဘော ကုမ္ပဏီပိုင် “Eastern Star” သင်္ဘော ဖြစ်ပြီး ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ဆောက်ခဲ့သည့် ခရီးသည် ၅၃၄ ဦး တင်ဆောင်ရန် သတ်မှတ် ထားသော သင်္ဘော ဖြစ်သည်။

ဝူဟန့် ရေကြောင်း ညွှန်ကြားရေး ဌာန၏ တိုင်းတာချက်အရ သင်္ဘော နစ်မြုပ်ခဲ့သည့် နေရာကို သိရှိ ရပြီး ဖြစ်ကြောင်း ၊ သင်္ဘော နစ်မြုပ်ရာ နေရာသည် ရေအနက် ၁၅ မီတာ ရှိပြီး လက်ရှိအချိန်တွင် အမှတ်အသား ပြုလုပ်ထားကြောင်း သိရှိရသည်။

ဟူပိန် ပြည်နယ် အစိုးရမှ ပို့ဆောင်ရေး ဌာနအား ကယ်ဆယ်ရေး လုပ်ငန်းများ အစွမ်းကုန် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ယန်စီမြစ် ရေကြောင်း ညွှန်ကြားရေး ဌာန ၊ ယန်စီမြစ် ရေကြောင်း ကိစ္စရပ် ဌာန ၊ ယန်စီမြစ် ရေကြောင်း သွားလာရေး လမ်းကြောင်း ဌာန ၊ ရဲဌာန စသည့် ဒေသတွင်းရှိ အစိုးရဌာန အသီးသီးမှ အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ (Xinhua)