Connect with us

Politics, Law & Military

ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများအကြား လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုစည်းလုံးညီညွတ်ရန် တရုတ်နိုင်ငံအဆိုပြု

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် ဝန်ကြီးချုပ် လီခဲ့ချန်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ)

COVID-19 ကပ်ရောဂါ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲကျော်လွှားနိုင်ရန် တတိယအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC) ခေါင်းဆောင်များ၏ အစည်းအဝေးတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ညီညွတ်စွာဆောင်ရွက်သွားကြရန် တရုတ်နိုင်ငံက အဆိုပြုခဲ့ကြောင်း သိရသည်။

ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဩဂုတ် ၂၄ ရက်တွင် ကျင်းပပြုလုပ်သော အစည်းအဝေး၌ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က လန်ချန်း-မဲခေါင် ဒေသတွင်း ၆ နိုင်ငံဖြစ်သည့် တရုတ် ၊ ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရေအရင်းအမြစ်စီမံခန့်ခွဲမှု ၊ ချိတ်ဆက်ဆောင်ရွက်မှု နှင့်  ပြည်သူ့ကျန်းမာရေးဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးရာတက္ကသိုလ် မှ ပါမောက္ခ Zhang Lili က ယခုလုပ်ဆောင်ချက်များသည် တာဝန်ယူမှုတာဝန်ခံမှုရှိသော နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ဖော်ပြခြင်းဖြစ်ကြောင်း နှင့် လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခုတည်ဆောက်ရေးအတွက် တွန်းအားပေးသည့် ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်း ဆိုသည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေးတွင် ပူးတွဲဥက္ကဌ အဖြစ် ဆောင်ရွက်သည့် တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ် ၊  ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊  ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု တို့ ဗီဒီယိုလင့်မှတစ်ဆင့် ဆွေးနွေးနေကြစဉ်(ဆင်ဟွာ)

ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု 

လန်ချန်း-မဲခေါင် ( LMC) ယန္တရားကို နိုင်ငံပေါင်း ၆ နိုင်ငံဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းသည် မြစ်တစ်စင်း၏ အမည်နာမကို အစွဲပြု၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဆိုပါမြစ်ကို တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟုခေါ်ဆိုပြီး မြန်မာနိုင်ငံ ၊ လာအိုနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံထဲသို့ စီးဝင်သွားချိန်တွင် မဲခေါင်မြစ်ဟူ၍ ခေါ်ဆိုကြသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က ယခုနှစ်မှစတင်ကာ တရုတ်နိုင်ငံသည် မဲခေါင်ဒေသတွင်းနိုင်ငံများနှင့်အတူ တစ်နှစ်ပတ်လုံးအတွက် လန်ချန်းမြစ်၏ ရေစီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များကို မျှဝေပေးခဲ့ကြောင်း ဆိုသည်။ပီကင်းတက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခတစ်ဦးဖြစ်သူ Zhai Kun က ယင်းလုပ်ဆောင်ချက်သည် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံအနေဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားစဉ်ကာလအတွင်း ရေစီမံခန့်ခွဲမှုတစ်ခုတည်းအတွက်သာ အသုံးပြုရန် ခြေလှန်းတစ်ရပ်ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်က ရေကြီးရေလျှံမှု နှင့် မိုးခေါင်ရေရှားမှု ကဲ့သို့သော ရာသီဥတုပြောင်းလဲခြင်း နှင့် သဘာဝဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုကောင်းမွန်စေရန် သတင်းအချက်အလက်မျှဝေရေး စင်္ကြံတစ်ခု အဖြစ် သက်ဆိုင်ရာ LMC အဖွဲ့ဝင်နိုင်ငံများနှင့်အတူ တရုတ်နိုင်ငံက ပါဝင်ဆောင်ရွက်ရန် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်ဆောင်ရွက်မှုကို ထူထောင်ခြင်းဖြစ်ကြောင်း ဆိုသည်။

မြစ်ညာနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် LMC လန်ချန်း-မဲခေါင်နိုင်ငံများအတွက် ပိုမိုကောင်းမွန်သော ရေအရင်းအမြစ် စီမံခန့်ခွဲမှုကို ကူညီရန် အပါအဝင် တာဝန်ယူမှုတာဝန်ခံမှု နှင့်အတူ မြစ်အောက်ပိုင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် တက်ကြွစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Zhaiက ဆိုသည်။

ဒေသတွင်း ချိတ်ဆက်မှု 

တရုတ်နိုင်ငံသည် နိုင်ငံတကာ ကုန်း-ရေ နှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသစ်ကို LMC နိုင်ငံများနှင့်အတူ တည်ဆောက်ရန်လည်း အဆိုပြုခဲ့ပြီး ယင်းစင်္ကြံသည် ယူရေးရှန်း(ဥရောပအာရှ)တိုက်ငယ်နှင့်အတူ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ နှင့် အရှေ့တောင်အာရှနိုင်ငံများကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်-ရေ နှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသည် တရုတ်နိုင်ငံ အနောက်ပိုင်း နှင့် အနောက်တောင်ပိုင်းဈေးကွက် နှင့် ASEAN ဈေးကွက်ကို အတူတကွဖော်ဆောင်ရန် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း နှင့် ယင်းသည် အရင်းအမြစ်ခွဲဝေမှု ၊ စက်မှုလုပ်ငန်းထိန်းသိမ်းမှု နှင့် ကုန်စည်ကွင်းဆက်များ တည်ငြိမ်ရေး နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမတည်ဆောက်ရေး မြှင့်တင်မှု များအတွက် အပေါင်းလက္ခဏာ ထောက်ပံ့ကူညီမှု ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ LMC ယန္တရားအောက်တွင် ယင်းဒေသတစ်လျှောက် ပို့ဆောင်ဆက်သွယ်ရေးအတွက် ရထားလမ်း ၊ ကားလမ်း နှင့် ရေကြောင်းလမ်း ချိတ်ဆက်မှုကို ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-ဗီယက်နမ်ရထားလမ်း တည်ဆောက်မှုသည် အလုံးစုံပြီးမြောက်သွားပြီဖြစ်ကြောင်း ၊ တရုတ်နိုင်ငံမှ လာအို ၊ ထိုင်း နှင့် မြန်မာနိုင်ငံသို့လည်း ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းစဉ်သည် အဆင်ပြေချောမွေ့စွာဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံ ယူနန် မှ လာအို နှင့် ဗီယက်နမ်သို့ ဆက်သွယ်ထားသည့် အမှတ် ၂၉ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလမ်းမကြီးကိုလည်း ဖွင့်လှစ်ထားခဲ့ပြီးဖြစ်ကြောင်း ၊ လန်ချန်း-မဲခေါင် သင်္ဘောသယ်ယူပို့ဆောင်ရေး လမ်းကြောင်း၏ တရုတ်နိုင်ငံအပိုင်းသည် တန် ၃၀၀ ဆံ့သင်္ဘောများ ပြေးဆွဲနိုင်ရန် အဆင့်မြှင့်တင်ထားပြီးဖြစ်ကြောင်း သိရသည်။

LMC ယန္တရားသည် တရုတ်နိုင်ငံ နှင့် အာဆီယံ နိုင်ငံများအကြား ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာလေ့လာရေးဌာန အမှုဆောင်ဒုတိယဥက္ကဌ Ruan Zongze က ပြောကြားခဲ့ပြီး ယင်းနိုင်ငံများအနေဖြင့် ရှေ့ဆက် ချိတ်ဆက်ဆောင်ရွက်မှုကို တွန်းအားပေးရန် ပထဝီမြေပြင်အနေအထား အားသာချက်ကို အပြည့်အဝ ရယူရမည်ဖြစ်ကြောင်း ဆိုသည်။

အသစ်ပေါ်ထွက်လာမည့် နိုင်ငံတကာ ကုန်-ရေ နှစ်သွယ်ကုန်သွယ်ရေးစင်္ကြံသစ်နှင့်အတူ LMC သည် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကိုတွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ၊ ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်ကို ရှေ့လျှောက်လက်မှတ်ရေးထိုးနိုင်ရန် တွန်းအားဖြစ်စေကြောင်း နှင့် ဒေသတွင်းစီးပွားရေးကို အမြင့်ဆုံးအဆင့်တစ်ခုသို့ ရောက်ရှိရန် တွန်းတင်နိုင်မည်ဖြစ်ကြောင်း Ruan က ဖြည့်စွက်ပြောကြားခဲ့သည်။

ကပ်ရောဂါတိုက်ဖျက်ရေး 

COVID-19 ကပ်ရောဂါသည် ဆက်လက်ပြန့်နှံ့လျက်ရှိရာ LMC နိုင်ငံများအနေဖြင့် ပြည်သူ့ကျန်းမာရေးအတွက် မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန်အပေါ် ပူပန်မှုလည်း ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် LMC အထူးရံပုံငွေ မူဘောင်အောက်တွင် ပြည်သူ့ကျန်းမာရေးအတွက် အထူးရံပုံငွေတစ်ရပ် မတည်ရန် နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများတွင် ၎င်းတို့၏ အကောင်းဆုံးစွမ်းဆောင်ရည်ကို မြှင့်တင်ရေးအတွက် ပစ္စည်းကိရိယာ နှင့် နည်းပညာ ပံ့ပိုးကူညီရန် ကတိပြုခဲ့ပြီးဖြစ်သည်။ 

COVID-19 ကာကွယ်ဆေးကို တရုတ်နိုင်ငံ၌ စတင်ထုတ်လုပ်အသုံးပြုနိုင်ပြီ ဆိုသည်နှင့်တစ်ပြိုင်နက် မဲခေါင်ဒေသတွင်းနိုင်ငံများကို ထောက်ပံ့ပေးသွားရန် ဦးစားပေးအခြေခံစည်းမျဉ်းတစ်ခုရှိကြောင်းလည်း ဝန်ကြီးချုပ်လီက ဆိုသည်။

ကပ်ရောဂါ တိုက်ဖျက်ရေးကို အတူတကွဆောင်ရွက်ကြသည့်နိုင်ငံများအနေဖြင့် ပြည်သူအချင်းချင်းအကြား အပြန်အလှန်ဖလှယ်မှု မြှင့်တင်ရေး ၊ ဒေသတွင်း အားပေးထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး နှင့် ယုံကြည်မှုပိုမိုခိုင်မာရေး ၊ နယ်ပယ်ကဏ္ဍစုံတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး အတွက် အခွင့်အလမ်းအခြေအနေကောင်းများကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း Ruan က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)