Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ရုရှားနိုင်ငံမော်စကိုမြို့၌ စက်တင်ဘာ ၁၁ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို ပိုမိုဖန်တီးပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov နှင့်အတူ ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝမ်ရိက အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်တွင် COVID-19 ကပ်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး၌ အလွန်အရေးပါသော ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး စီးပွားရေး နှင့် လူမှုရေး ဘဝ ပြန်လည်နလံထူ တည်ငြိမ်မှုရရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။

ယခုနှစ် ဒုတိယလေးလပတ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခင်နှစ်အလားတူကာလထက် ဖွံ့ဖြိုးမှုနှုန်း ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ၊ ယင်းမှာ ကမ္ဘာပေါ်တွင် ပထမဆုံး အဓိက စီးပွားရေးပြန်လည် နလံထူနိုင်ခဲ့သည့် နိုင်ငံကြီးဖြစ်ကြောင်း နှင့် တရုတ်စီးပွားရေး ကြီးမားစွာ ပြန်လည်ရှင်သန်လာမှု နှင့် အားအင်ပြည့်ဖြိုးမှုကို မီးမောင်းထိုးနေကြောင်း ဝမ်က ဆိုသည်။

တတိယလေးလပတ်မှစတင်ကာ တရုတ်နိုင်ငံ၏ စီးပွားရေးသည် စဉ်ဆက်မပြတ် ပြန်လည် ဖွံ့ဖြိုးတိုးတက်ခဲ့ရာ တရုတ်နိုင်ငံ၏ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ရောက်ရှိစေရန် တရုတ်နိုင်ငံက စွမ်းဆောင်ရည် နှင့် ယုံကြည်မှု ရရှိခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် ပြည်တွင်းဈေးကွက်ကို အဓိကအလေးထားဆောင်ရွက်ခြင်းနှင့်အတူ  ပြည်တွင်း နှင့် ပြည်ပ ဈေးကွက် ကို အပြန်အလှန်တွန်းအားပေးနိုင်ရေး ဖွံ့ဖြိုးရေးပလက်ဖောင်းသစ်တစ်ခုကို တည်ဆောင်ရန် ရှေ့ဆက်တွန်းအားပေးခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်က ဆိုသည်။

အဆိုပါ ပလက်ဖောင်းသစ်သည် တရုတ်နိုင်ငံ၏ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမှုတစ်ခုတွင် အဆင့်သစ်တစ်ခုထဲသို့ ဝင်ရောက်ခဲ့ကြောင်း နှင့် ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုအသစ်များနှင့်အတူ တရုတ်နိုင်ငံအတွက် အလွန်အရေးပါသော ဆောင်ရွက်ဖွယ်ရာတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံအတွင်း ပြည်သူ ၁ ဒသမ ၄ ဘီလီယံ နှင့် အလယ်အလတ်အဆင့် ဝင်ငွေရှိသူ သန်း ၄၀၀ ကျော် ရှိသည့် တရုတ်နိုင်ငံသည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးမားဆုံးဈေးကွက်ကြီးတစ်ခုအဖြစ် ပေါ်ထွက်လာနေကြောင်း ၎င်းက ဆိုသည်။ ယင်းမှာ ပြည်တွင်း ဝယ်လိုအားဖြင့် ၎င်း၏ စီးပွားရေး တိုးတက်အောင် အဓိကဆောင်ရွက်ရန် လုပ်ဆောင်နေသည့် နိုင်ငံကြီးတစ်နိုင်ငံအတွက် အလွန်အရေးပါသော  အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

တရုတ်ဈေးကွက် ကြီးမားလာခြင်း နှင့် ပိုမို ရင့်ကျက်တည်ငြိမ်လာခြင်း ၊ အလွန်ကြီးမားသော ဝယ်လိုအား ဖန်တီးပေးနိုင်ခြင်း က တရုတ်နိုင်ငံ နှင့် ကမ္ဘာကြီး နှစ်ခုစလုံးအတွက် ကျယ်ပြန့်သောဈေးကွက်ကို ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

စီးပွားရေးအခင်းအကျင်းပုံစံ ပိုမိုတစ်ခါးဖွင့်မှုတစ်ခု တည်ဆောက်ရန် တရုတ်နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးရေးပလက်ဖောင်းသစ်တစ်ခုကို လိုအပ်ကြောင်း ၊ ယင်းမှာ ကမ္ဘာကြီးအတွက် ပိုမိုတိုးတက်သောအခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံအဆင့်မြင့်အရာရှိကြီးက ဆိုသည်။

၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံတကာ ကုန်သွယ်ရေးဝန်ဆောင်မှုပြပွဲတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က အဆိုပြုခဲ့သော ရှေ့ဆက်ဦးတည်ဆောင်ရွက်ရေး အဆိုပြုချက်သုံးခုကို ကိုးကား၍ win-win ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းသစ်ကို တည်ဆောက်ရန် တီထွင်ဆန်းသစ်မှု နှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုဖြင့် ကောင်းမွန်သောအရှိန်အဟုန်ကို အတူတကွ လုပ်ဆောင်သွားရန် အပါအဝင် ပူးပေါင်းဆောင်ရွက်မှုအတွက် တံခါးဖွင့်မှု နှင့် အားလုံးပါဝင်သော အခင်းအကျင်းတစ်ခု ကိုလက်တွဲ ဆောင်ရွက်ရန် ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနှင့်အတူ win-win ရလဒ်များ နှင့် အပြန်အလှန်အကျိုးအမြတ်ကို စွမ်းဆောင်နိုင်ရန် ၎င်း၏ဆန္ဒရှိမှုကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံတော်ကောင်စီဝင်ဝမ်ရိက တရုတ် နှင့် ရုရှား နိုင်ငံတို့သည် အစဉ်အလာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံများဖြစ်ကြကြောင်း ၊ တစ်နိုင်ငံ၏ အခွင့်အလမ်းများအတွက် အခြားနိုင်ငံက အပြန်အလှန်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း နှင့် နှစ်နိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် အလုံးစုံပြည့်ဝမှု နှင့် ခွန်အားရှိမှု ယန္တရားများကို တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

COVID-19 ကပ်ရောဂါ အနှောင့်အယှက်အတားအဆီးများရှိနေလင့်ကစား နှစ်ဖက်စလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မည်သည့်အခါမျှ ရပ်တံ့ခဲ့ခြင်းမရှိကြောင်း ဝမ်က ဆိုသည်။ လုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်ခြင်း နှင့် ထုတ်လုပ်မှုနယ်ပယ်ပေါင်းစုံတွင် အရှိန်အဟုန်မြှင့်တင်ခဲ့ကြောင်း နှင့် ၂၀၂၀ မှ ၂၀၂၁ ခုနှစ် သိပ္ပံပညာ နှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု နှစ်၏ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အဆင့်လိုက် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အနာဂတ်တွင် တရုတ်-ရုရှား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းဖြင့် နှစ်နိုင်ငံ နှင့် ၎င်းတို့၏ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ကို မျှော်လင့်ကြောင်း ဝမ်က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)