Connect with us

Politics, Law & Military

အာရှ Boao ဖိုရမ် နှစ်ပတ်လည် ညီလာခံသို့ တရုတ် နိုင်ငံ ဝန်ကြီးချုပ် တက်ရောက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

လာမည့် ရက်သတ္တပတ် အတွင်း တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန် ပြည်နယ်တွင် ပြုလုပ်မည့် အာရှ Boao ဖိုရမ် နှစ်ပတ်လည် ညီလာခံ (Boao Forum for Asia) သို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က မတ်လ ၁၇ ရက်က ပြောသည်။

လီသည် မတ်လ ၂၄ ရက်တွင် အဆိုပါ ညီလာခံ၌ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။

ယင်း ညီလာခံသို့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများမှ ခေါင်းဆောင်များ၊ နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေ.ပီ၊ ရှာမာ အိုလီ၊ လစ်သူယေးနီးယား နိုင်ငံ ဝန်ကြီးချုပ် Algirdas Butkevicius ၊ ဘယ်လ်ဂျီယံ နိုင်ငံ ဝန်ကြီးချုပ် ချားလ်စ် မစ်ချယ်၊ အင်ဒိုနီးရှား နိုင်ငံ ဒုတိယ သမ္မတ ဂျူဆပ် ကယ်လာ၊ တောင်ကိုရီးယားနိုင်ငံ စီးပွားရေး ဒုတိယ ဝန်ကြီးချုပ် ယို အီလ်-ဟို၊ ရုရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Arkady Dvorkovich တို့ တက်ရောက်ရန် ရှိကြောင်း သိရသည်။

ဝန်ကြီးချုပ်လီ၏ ဖိတ်ကြားချက်ဖြင့် နီပေါ နိုင်ငံ ဝန်ကြီးချုပ် အိုလီနှင့် ဘယ်လ်ဂျီယံ နိုင်ငံ ဝန်ကြီးချုပ် မစ်ချယ်တို့သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ်လည်း လည်ပတ်ဦးမည် ဖြစ်သည်။

ယင်းနှစ်ပတ်လည် ညီလာခံအား မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ ပြုလုပ်မည် ဖြစ်ပြီး “Asia’s New Feature: New Dynamics and New Vision.” ခေါင်းစဉ်ဖြင့် ရည်မှန်းချက်ထား ကျင်းပမည် ဖြစ်သည်။

လေးရက်တာ ပြုလုပ်မည့် အဆိုပါ ညီလာခံ၌ မက်ခရို စီးပွားရေး၊ နိုင်ငံရေး၊ စီးပွားရေး စွန့်ဦး တီထွင်မှု၊ တီထွင် ဆန်းသစ်ခြင်း၊ အင်တာနက်၊ လူထု သက်သာ ချောင်ချိရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍများ ဆွေးနွေးကြမည် ဖြစ်သည်။

Boao ဖိုရမ်သည် ၂၀၀၁ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဒေသတွင်း စီးပွားရေး ပေါင်းစည်မှု မြှင့်တင်ခြင်းနှင့် အာရှနိုင်ငံများ အလိုက် ဖွံ့ဖြိုးမှု ပန်းတိုင်များသို့ ရောက်ရှိနိုင်ရေး စသည်များအတွက် သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ခေါင်းဆောင်များက ဆွေးနွေး ဖလှယ်ကြသည့် အစည်းအဝေးလည်း ဖြစ်သည်။ (Xinhua)