Connect with us

Science & Technology

တရုတ်နိုင်ငံက သမုဒ္ဒရာစောင့်ကြည့်လေ့လာရေးဂြိုလ်တုသစ် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှု(CNSA) က ယနေ့နံနက် ၂ နာရီခွဲတွင် သမုဒ္ဒရာစောင့်ကြည့်လေ့လာရေးဂြိုလ်တုအား လွှတ်တင်စဉ်(ဆင်ဟွာ)

ထိုက်ယွမ် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်(Shanxi) ရှိ ထိုက်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ သမုဒ္ဒရာစောင့်ကြည့်လေ့လာရေး ဂြိုလ်တုတစ်စင်းကို ယနေ့ ဇွန် ၁၁ ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ 

ခရီးဝေးသွား ဒုံးကျည်ထိပ်ဖူး March-2C ဖြင့် ပေကျင်းဒေသစံတော်ချိန် နံနက် ၂ နာရီ ၃၁ မိနစ်တွင် HY-1D ဂြိုလ်တုကို သယ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှု(CNSA) ၏ ပြောကြားချက်အရ သိရသည်။

၎င်းဂြိုလ်တုသစ်သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလက အဏ္ဏဝါဗေဒစောင့်ကြည့်လေ့လာမှုအတွက်  ပထမဆုံး အာကာသထဲလွှတ်တင်ခဲ့သော HY-1C ဂြိုလ်တုနှင့်အတူ ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် လက်ရှိသမုဒ္ဒရာ အချက်အလက်များ စောင့်ကြည့်လေ့လာမှုကို နှစ်ဆတိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သဘာဝအရင်းအမြစ်ဝန်ကြီးဌာန နှင့် CNSA ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှု(CNSA) က ယနေ့နံနက် ၂ နာရီခွဲတွင် သမုဒ္ဒရာစောင့်ကြည့်လေ့လာရေးဂြိုလ်တုအား လွှတ်တင်စဉ်(ဆင်ဟွာ)

အာကာသအတွင်းလည်ပတ်နေသည့် ဂြိုလ်တုအုပ်စုသည် သမုဒ္ဒရာရေအရောင် စောင့်ကြည့်လေ့လာခြင်း ၊ ကမ်းရိုးတန်း အရင်းအမြစ်များ ၊ ဂေဟဗေဒသဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာခြင်း နှင့် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းခြင်း ၊ စိုက်ပျိုးရေး ၊ ရေအရင်းအမြစ်သုံးစွဲမှု နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏ စွမ်းဆောင်ရည်များကို ပိုမိုမြှင့်တင်ပေးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာကြီး၏ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုကို လေ့လာရန် နှင့် ဂေဟဗေဒစနစ် ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရန် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ 

HY-1D ဂြိုလ်တုသည် တရုတ်နိုင်ငံ၏ လေးစင်းမြောက် အဝေးထိန်းစနစ်သုံး (remote-sensing satellite) သမုဒ္ဒရာစောင့်ကြည့်လေ့လာရေး ဂြိုလ်တုတစ်စင်းဖြစ်ပြီး HY-1C ဂြိုလ်တု၏ လုပ်ဆောင်ပုံအတိုင်းပင်  payloads ငါးခုသယ်ဆောင်ထားကြောင်း သိရသည်။ ၎င်းဂြိုလ်တုထဲတွင် ကမ္ဘာပေါ်ရှိ သမုဒ္ဒရာကြီးများ၏ ရေအရောင်ကို ပုံရိပ်ဖမ်းနိုင်ရန် ကြီးမားသော Scanner တစ်လုံးတပ်ဆင်ထားကြောင်း နှင့် ၁.၁ ကီလိုမီတာအကျယ်အဝန်းအတွင်း နေ့စဉ် ပင်လယ်ရေမျက်နှာပြင်၏ အပူချိန်ကို တိုင်းတာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုံရိပ်ဖမ်းစနစ်သည် ကမ်းရိုးတန်းရေပြင် သဘာဝပတ်ဝန်းကျင် ၊ ကမ်းရိုးတန်းဇုန် ၊  မြစ်ချောင်းအင်းအိုင်များ၏ ဂေဟပတ်ဝန်းကျင်အနေအထားများကိုလည်း ၅၀ မီတာအကျယ်အဝန်းအတွင်း သုံးရက်တစ်ကြိမ် ပုံရိပ်ဖမ်းပေးသွားမည်ဖြစ်သည်။

ထို့ပြင် ဂြိုလ်တုထဲတွင် ပင်လယ်အတွင်း မောင်းနှင်နေသည့် သင်္ဘာများကို အလိုအလျှောက် ခွဲခြမ်းစိတ်ဖြာအတည်ပြုပေးမည့်စနစ်လည်း တပ်ဆင်ထားကြောင်း သိရသည်။အဆိုပါ အချက်အလက်များကို အရင်းအမြစ် နှင့် သဘာဝပတ်ဝန်းကျင် တိုင်းတာလေ့လာရေး  ၊  အဏ္ဏဝါဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှင့် အဏ္ဏဝါဗေဒအရင်းအမြစ်များ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေး ၊ အဏ္ဏဝါဟေဂဗေဒစနစ်အတွက် ကြိုတင် အသိပေးရေး နှင့် သဘာဝပတ်ဝန်းကျင်  ကြိုတင်ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တုကို တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီလက်အောက်ခံ DFH ဂြိုလ်တုကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သယ်ဆောင်ရေးဒုံးကျည်ထိပ်ဖူးကို မူ တရုတ်နိုင်ငံ က Academy of Launch Vehicle Technology မှ ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ယနေ့ နံနက် လွှတ်တင်မှုသည် ခရီးဝေးသွား ဒုံးကျည်ထိပ်ဖူး အစီအစဉ်၏ ၃၃၄ ကြိမ်မြောက် ပစ်လွှတ်မှုဖြစ်ကြောင်း သိရသည်။(Xinhua)