Connect with us

Science & Technology

လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သော တရုတ်ဂြိုဟ်တု Chang’e-4 အကြောင်း တစ်စေ့တစ်စောင်း

မြေပြင်ဆင်းသက်မှုယာဉ် (Lander) မှ ကင်မရာတစ်လုံးဖြင့်ရိုက်ကူးထားသော၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ပထမဆုံး ဆင်းသက်ခြင်းဖြစ်သော Chang’e-4 ဂြိုဟ်တု ၏ အောင်မြင်စွာဆင်းသက်နိုင်မှုကို ဇန်နဝါရီ ၁၁ရက် က ထုတ်ပြန်ကြေညာခဲ့သည်။

Chang’e-4 ဂြိုဟ်တု တွင်ပါရှိသော သိပ္ပံပညာရပ်ဆိုင်ရာ ပစ္စည်းကိရိယာများအားလုံး ကောင်းစွာအလုပ်လုပ်ပြီး ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓါတ်ပုံများနှင့် လကမ္ဘာပေါ်တွင် လေ့လာတွေ့ရှိရသည့် အချက်အလက်များကို မြေပြင်စခန်းသို့ ပြန်လည်ပေးပို့ခဲ့ကြောင်း တရုတ်အမျိုးသားအာကာသဦးစီးဌာန (CNSA) ကပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၁ရက် ပေကျင်းစံတော်ချိန် ၄း၄၇နာရီတွင် ဂြိုဟ်တု၏ မြေပြင်ဆင်းသက်မှုယာဉ် (Lander) နှင့် လေ့လာရေးယာဉ် (Rover) တို့၏ ပုံရိပ်များ သည် ပေကျင်းလေကြောင်းအာကာသ ထိန်းချုပ်ရေးစင်တာရှိ ကြီးမားသော တီဗီမှန်သားပြင်၌ ပေါ်ထွက်လာပြီး တရုတ်နိုင်ငံ အလံတော်တပ်ဆင်ထားသော အဆိုပါ ယာဉ် နှစ်စီးစလုံးကို လကမ္ဘာ၏ ချိုင့်ဝှမ်းနောက်ခံများဖြင့် မြင်တွေ့ခဲ့ကြရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ နှင့် ဗဟိုစစ်ကော်မရှင်တို့က ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ၌ Chang’e-4 ဂြိုဟ်တု၏ ဆင်းသက်မှု သည် တရုတ်နိုင်ငံ အာကာသအစီအစဉ်၏ မှတ်သားဖွယ် အောင်မြင်မှုတစ်ခုဖြစ်ပြီး အာကာသတွင်း ရှာဖွေလေ့လာရေးနယ်ပယ်၌ တရုတ်နိုင်ငံအား အားကောင်းသောနိုင်ငံတစ်ခုဖြစ်လာစေရန် ရှေ့ဆက်လုပ်ဆောင်ပေးမည့် အရေးကြီးသော ခြေလှမ်းတစ်ခုအဖြစ် သတ်မှတ်ပါကြောင်း ရေးသားထားသည်။

Chang’e-4 ဂြိုဟ်တု သည် ကမ္ဘာမြေမှ မမြင်တွေ့နိုင်သော လကမ္ဘာ၏ အခြားတစ်ဖက်ရှိ South Pole-Aitken (SPA) ချိုင့်ဝှမ်းပေါ်ရှိ Von Karman ချိုင့်ဝှမ်းထိပ်ဝ ပေါ်သို့ ဇန်နဝါရီ ၃ရက်တွင် ဆင်းသက်နိုင်ခဲ့ပြီးနောက် လေ့လာရေးယာဉ် (Rover) သည် အဆိုပါနေ့ညပိုင်းတွင် လကမ္ဘာမျက်နှာပြင်ပေါ်သို့ မောင်းနှင်သွားခဲ့ကြောင်း သိရသည်။

Chang’e-4 ဂြိုဟ်တု၏ မြေပြင်ဆင်းသက်မှု ယာဉ် (Lander) အားတွေ့ရစဉ် (ဆင်ဟွာ)

Chang’e-4 ဂြိုဟ်တု၏ လေ့လာရေးယာဉ် (Rover)အားတွေ့ရစဉ် (ဆင်ဟွာ)

ဂြိုဟ်တုတွင်ပါရှိသော မြေပြင်ဆင်းသက်မှုယာဉ် (Lander)၊ လေ့လာရေးယာဉ် (Rover) နှင့် သတင်းအချက်အလက်စုဆောင်းရေး ဂြိုဟ်တုငယ် (Relay Satellite) တို့၏ အခြေအနေများကောင်းမွန်နေပြီး Lander နှင့် Rover တို့သည် အပြန်အလှန်ဓါတ်ပုံများ ရိုက်ကူးပြီးနောက် ဂြိုဟ်တုသည် သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း CNSA ကပြောကြားခဲ့သည်။

တရုတ်လနတ်သမီး “Chang’e” ၏ အမည်ကိုအစွဲပြု၍ ပေးထားသော တရုတ်နိုင်ငံ၏ လကမ္ဘာစူးစမ်းလေ့လာရေး အစီအစဉ် ကို ၂၀၀၄ခုနှစ်တွင် စတင်ခဲ့ပြီး လကမ္ဘာအား လှည့်ပတ်ခြင်း၊ လကမ္ဘာပေါ်သို့ ဆင်းသက်ခြင်း နှင့် စုဆောင်းရရှိသည့် နမူနာများကို ကမ္ဘာမြေပေါ်သို့ ပြန်လည်ပေးပို့ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သည် Chang’e-1၊ Chang’e-2၊ Chang’e-3၊ Chang’e-4 နှင့် Chang’e-5 အမည်ရှိ ဂြိုဟ်များကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။

စိတ်လှုပ်ရှားဖွယ် ရှာဖွေတွေ့ရှိမှုများ

ဇန်နဝါရီ ၁၁ရက် အစောပိုင်းတွင် CNSA မှထုတ်ပြန်သော ပုံပေါင်းများစွာအနက် တစ်ပုံဖြစ်သော ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံသည် Lander ၏ ကင်မရာတစ်လုံးဖြင့်ရိုက်ကူးထားသော ဓါတ်ပုံပေါင်း ၈၀ကို စုစည်းထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အမျိုးသား နက္ခတ္တဗေဒ စူးစမ်းလေ့လာရေး ဌာန ဒုတိယညွှန်ကြားရေးမှူး နှင့် Chang’e-4 ဂြိုဟ်တု၏ မြေပြင်ဆိုင်ရာလုပ်ငန်းစနစ်၏ အကြီးအကဲ လီချွမ်လိုင် က မြင်ကွင်းကျယ်ဓါတ်ပုံအရ ဂြိုဟ်တုအား သေးငယ်သော ချိုင့်ဝှမ်းများဖြင့် ဝန်းရံထားသည်ကို တွေ့ရှိရပြီး အလွန်အံသြဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။

လီက ယင်းသို့ မျက်နှာပြင် ကြမ်းတမ်းနေခြင်းသည် လေ့လာရေးယာဉ် (Rover) မောင်းနှင်ရန် လမ်းကြောင်း စီစဉ်မှုအတွက် ကြီးမားသည့် စိန်ခေါ်မှုများဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့သည်။

Chang’e-4 ဂြိုဟ်တု၏ ပတ်ဝန်းကျင်ဧရိယာ သည် ယခင်ကလွှတ်တင်ခဲ့သော Chang’e-3 ဂြိုဟ်တုဆင်းသက်ရာ ကမ္ဘာမြေမှ မြင်တွေ့နိုင်သည့် လကမ္ဘာဘက်ခြမ်းပေါ်ရှိ သက်တန့်ပင်လယ်အော် (ခေါ်) Sinus Iridum ဧရိယာထက် ကျောက်တုံးများ နည်းပါးသောကြောင့် Chang’e-4 ဂြိုဟ်တု ဆင်းသက်ရာ မြေနေရာသည် ပိုမို သက်တမ်းရင့်နေကြောင်း သိရသည်။

CNSA သည် Chang’e-4 ဂြိုဟ်တု ၏ မြေပြင်ဆင်းသက်မှု ဗွီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပြီး ဂြိုဟ်တုပေါ်ရှိ ကင်မရာမှ ရိုက်ကူးထားသော ဓါတ်ပုံပေါင်း ၄,၇၀၀ ကို စုစည်း၍ ယင်းဗွီဒီယိုကို ဖန်တီးထားခြင်းဖြစ်သည်။

၁၂မိနစ်ကြာချိန်ရှိသော ယင်းဗွီဒီယို တွင် ဂြိုဟ်တုသည် မြေပြင်မှ အမြင့်အားချိန်ညှိနေပုံ၊ ဆင်းသက်ပုံ နှင့် ဆင်းသက်နေစဉ် အစိုင်အခဲများအား ရှောင်ရှားနေပုံတို့ကို ပြသထားကြောင်း သိရသည်။

လကမ္ဘာပတ် ဂြိုဟ်တုများ၏ ဖော်ပြချက်အရ လ၏ မျက်နှာပြင် နှစ်ဖက်သည် အလွန်ကွဲပြားခြားနားနေပြီး ကမ္ဘာမြေမှ တွေ့မြင်ရသော အခြမ်း (the near side) သည် မျက်နှာပြင် ပြေပြစ်ပြီး ကမ္ဘာမြေမှ မတွေ့မြင်ရသော အခြမ်း (the far side) သည် မီးတောင်ထိပ်ဝကဲ့သို့ ချိုင့်များ ဖြင့် ထူထပ်ကြမ်းတမ်းကြောင်း သိရသည်။

တရုတ်နိုင်ငံ လကမ္ဘာစူးစမ်းလေ့လာရေး အစီအစဉ်၏ ဒီဇိုင်းနာချုပ် ဝူဝေ့ရန် က Chang’e-4 ဂြိုဟ်တုသည် မကြုံစဖူး စိန်ခေါ်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

ကမ္ဘာမြေမှ မတွေ့မြင်ရသော လကမ္ဘာ၏အခြားတစ်ဖက်ခြမ်း တွင် ထူးခြားသည့် အရာဝတ္ထုများရှိနေပြီး ယင်းဧရိယာအား တစ်ခါမျှ စူးစမ်းရှာဖွေခြင်းမပြုရသေးသဖြင့် Chang’e-4 ဂြိုဟ်တုသည် ထူးခြားအံ့သြဖွယ် ရှာဖွေမှုများကို ယူဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ ၏ လကမ္ဘာ နှင့် အာကာသအတွင်းပိုင်း စူးစမ်းရှာဖွေရေးဌာန ညွှန်ကြားရေးမှူး ကျုံးယုံလောင် ကပြောကြားခဲ့သည်။

Chang’e-4 ဂြိုဟ်တု၏ သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်များတွင် ကြိမ်နှုန်းနိမ့်ရေဒီယို နက္ခတ္တဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု၊ နယ်မြေ နှင့် ကုန်းမြေပုံစံ လေ့လာဆန်းစစ်မှု၊ ဓါတ်သတ္တုဖွဲ့စည်းပုံ နှင့် လကမ္ဘာ၏ မျက်နှာပြင်ဖွဲ့စည်းမှု အတိမ်ပိုင်းအား ထုတ်ဖော်ရှာဖွေမှု၊ နျူထရွန်ဓါတ်ရောင်ခြည်လွှင့်ထုတ်မှု နှင့် အက်တမ်များအား တိုင်းတာမှု တို့ပါဝင်ကြောင်းသိရသည်။

နိုင်ငံတကာမှ ပူးပေါင်းပါဝင်မှု

Chang’e-4 ဂြိုဟ်တု လွှတ်တင်မှုသည် အာကာသတွင်းစူးစမ်းလေ့လာမှု တွင် လူသားတို့၏ အသိပညာကို ပေါင်းစပ်ရန် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကို ဖော်ပြခြင်းဖြစ်ပြီး နယ်သာလန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဆွီဒင်နိုင်ငံ နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ ပါဝင်အားဖြည့်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံမှ သိပ္ပံပညာရှင်များ ပူးပေါင်းလုပ်ဆောင်ထားသည့် ရေဒီယိုအိုင်ဆိုတုပ်အပူရင်းမြစ် သည် အပူချိန် အနုတ် ၁၈၀ ဒီဂရီစင်တီဂရိတ် သို့ကျဆင်းသွားမည့် လမ္ဘာပေါ်ရှိ ညအချိန်တွင် ဂြိုဟ်တုအား အထောက်အပံ့ပေးရန် ကူညီသွားမည်ဖြစ်သည်။

အာဂျင်တီးနားနိုင်ငံတွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော မြေပြင်စခန်းသည်လည်း ဂြိုဟ်တုလွှတ်တင်မှု လုပ်ငန်းစဉ် အား ထိန်းချုပ်မှု နှင့် စောင့်ကြည်မှုတွင်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ဥရောပအာကာသအေဂျင်စီမှ လုပ်ဆောင်သည့် မြေပြင်စခန်းများသည်လည်း ယင်းလွှတ်တင်မှုအား အထောက်အကူပေးကြောင်း သိရသည်။

နာဆာ (NASA) ၏ လကမ္ဘာကင်းထောက်လှည့်ပတ်မှုမှ သိပ္ပံပညာရှင်များသည်လည်း Chang’e-4 ဂြိုဟ်တု အဖွဲ့နှင့် ပူးပေါင်းကာ ဂြိုဟ်တုဆင်းသက်မှုဖြစ်စဉ်ကို လေ့လာခဲ့ကြောင်း CNSAက ပြောကြားခဲ့သည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် လကမ္ဘာစူးစမ်းလေ့လာရေး၏ အနာဂတ်ဖြစ်ပြီး ပါဝင်သော နိုင်ငံများသည် ကုန်ကျစရိတ်၊ စွန့်စားမှု နှင့် အောင်မြင်မှုရလဒ်များကို မျှဝေခံစားကာ တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားလာစေရန် မျှော်လင့်ကြောင်း ဝူဝေရန် ကပြောကြားခဲ့သည်။

အာကာသအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေ့လာ

တရုတ်နိုင်ငံသည် လကမ္ဘာစူးစမ်းလေ့လာမှုတွင် အဓိကကျသော ပါဝင်ဆောင်ရွက်သူတစ်ဦးဖြစ်လာပြီး သိပ္ပံပညာရပ်ဆိုင်ရာ ရှာဖွေတွေ့ရှိချက်များကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

တရုတ်၏ လကမ္ဘာအစီအစဉ်၏ နောက်တစ်ဆင့်မှာ Chang’e-5 ဂြိုဟ်တု ကို လွှတ်တင်ပြီး လကမ္ဘာ၏ နမူနာပစ္စည်းများ ၂ကီလိုဂရမ်ကို သယ်ဆောင်ပြီး ကမ္ဘာသို့ပြန်လည်သယ်ယူလာရန်ဖြစ်သည်။

တရုတ်နိုင်ငံ၏ လကမ္ဘာစူးစမ်းလေ့လာမှုတွင် အောင်မြင်မှုများရရှိလာ၍ ၎င်း၏ အာကာသကျွမ်းကျင်သူများ သည် ဆိုလာစနစ်ရှိ မားစ်ဂြိုဟ်၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ဂျူပီတာဂြိုဟ် များသို့ ပိုမိုနက်ရှိုင်းစွာစူးစမ်းလေ့လာသွားမည့်အပြင် လူလိုက်ပါသည့် လကမ္ဘာစူးစမ်းလေ့လာမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် မားစ်ဂြိုဟ်အား လှည့်ပတ်ပြီး ဆင်းသက်လေ့လာမည့် ဂြိုဟ်တုတစ်လုံးအား ၂၀၂၀ခုနှစ်တွင် လွှတ်တင်သွားမည်ဖြစ်သည်။

ဝူက မသိရှိသေးသည့်အရာအား ဖော်ထုတ်လေ့လာခြင်းသည် လူသားတို့၏ သဘာဝဖြစ်ကြောင်း၊ လကမ္ဘာဆိုသည်မှာ လူသားတို့အတွက် ထူးဆန်းအံသြဖွယ်ကမ္ဘာတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ ၎င်းအား စူးစမ်းလေ့လာပြီး နားလည်အောင်ပြုလုပ်ရမည့် တာဝန်ရှိကြောင်း နှင့် လကမ္ဘာအား စူးစမ်းလေ့လာခြင်းသည်လည်း ကမ္ဘာမြေကြီးအား နားလည်သဘောပေါက်ခြင်း နှင့် မိမိကိုယ်ကို နားလည်သဘောပေါက်ခြင်းပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.