Connect with us

Social, Education & Health

ကြွေးမြီ လျှော်ပစ်ခြင်း ဖွံ့ဖြိုးမှုများ အတွက် တရုတ်နိုင်ငံ၏ အကူအညီများ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန် နိုင်ငံ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသော ကုလသမဂ္ဂ ရေရှည် တည်တံ့ ဖွံ့ဖြိုးရေး ညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့ တောင်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး (South-South Cooperation) အား ထောက်ပံ့နိုင်ရန် ကနဦး ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင်မည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကုလသမဂ္ဂ ရေရှည် တည်တံ့ ဖွံ့ဖြိုးရေး ညီလာခံတွင် ပြောကြား လိုက်ပြီး နိုင်ငံများ အားလုံး သာတူညီမျှ ဖွံ့ဖြိုး တိုးတက်မှု လမ်းစဉ်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံမှ ထူထောင်မည့် အဆိုပါ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံသည် South-South Cooperation နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ၂၀၁၅ အလွန် ဖွံ့ဖြိုးမှု အစီအစဉ် အကောင်အထည် ဖော်ရာတွင် အထောက်အပံ့ ဖြစ်စေရန် အတွက် ကူညီခြင်း ဖြစ်ကြောင်း သမ္မတရှီက ပြောသည်။

ထို့ပြင် ရှီက တရုတ်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ (Least Developed Countries= LDCs) တွင် ၂၀၃၀ ခုနှစ် အထိ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ အထိ တိုးမြှင့် ရင်းနှီးမြှုပ်နှံ သွားမည်ဟု ပြောသည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၊ ကုန်တွင်းပိတ်နိုင်ငံများနှင့် ဖွံ့ဖြိုးစ ကျွန်းနိုင်ငံငယ် အစိုးရများမှ တရုတ်နိုင်ငံသို့ ယခုနှစ်ကုန်တွင် ပေးဆပ်ရန်ရှိသော အတိုးမဲ့ ချေးငွေများကိုလည်း လျှော်ပစ်မည်ဖြစ်ကြောင်း ရှီက ကြေညာခဲ့သည်။

ကုလသမဂ္ဂ ထိပ်သီး ညီလာခံတွင် အတည်ပြုလိုက်သော တရုတ်နိုင်ငံမှ အဆိုပြုသော ၂၀၁၅ အလွန် ဖွံ့ဖြိုးမှု အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု အသိပညာပေး စင်တာအား တရုတ်နိုင်ငံက ထူထောင်ရန်ရှိသည်။ ယင်းစင်တာ သည် နိုင်ငံများ၏ ဖွံ့ဖြိုးမှု အလေ့အကျင့်များနှင့် သီအိုရီများ လေ့လာရေးနှင့် ဖလှယ်ရာတွင် လွယ်ကူစေရန်၊ သန့်ရှင်းပြီး သဘာဝမှ ရရှိသော စွမ်းအင်များဖြင့် ကမ္ဘာ့စွမ်းအင် လိုအပ်ချက်အား ဖြည့်တင်းနိုင် ရန် ကွန်ရက် ထူထောင်ရေး အဆိုပြု ဆွေးနွေးချက်များလည်း တင်ပြနိုင်မည် ဖြစ်သည်။

တရုတ်နိုင်ငံ လာမည့် ငါးနှစ်အတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအစဉ် ၁၀၀၊ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၁၀၀၊ ကုန်သွယ်မှု မြှင့်တင်ရေး အစီအစဉ် ၁၀၀၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး နှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အစီအစဉ် ၁၀၀၊ ကျန်းမာရေးအတွက် ဆေးရုံနှင့် ဆေးပေးခန်း ၁၀၀ တည်ဆောက်ရေး နှင့် ပညာရေး အနေဖြင့် စာသင်ကျောင်းနှင့် အသက်မွေးဝမ်းကျောင်း သင်တန်း စင်တာ ၁၀၀ တည်ေထောင်ပေးရေး စသည့် ကဏ္ဍများအား တရုတ်နိုင်ငံ အနေဖြင့် လုပ်ဆောင်သွားရန် ရှိကြောင်း သမ္မတရှီက ကုလသမဂ္ဂ ညီလာခံတွင် ကြေညာခဲ့သည်။

ထိုကာလအတွင်း တရုတ်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ပြည်သူများ တရုတ်နိုင်ငံတွင် ပညာ သင်ကြားခွင့်နှင့် သင်တန်းများ တက်နိုင်ရန် အခွင့်အလမ်းပေါင်း ၁၂,၀၀၀နှင့် ပညာသင်ဆု ၁၅၀,၀၀၀ အပြင် နည်းပညာ ပိုင်းဆိုင်ရာ ပညာရှင် ၅၀၀,၀၀၀ မြေတောင်မြှောက်ပေးရေး စသည် တို့ကိုလည်း ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117