Connect with us

Social, Education & Health

နှစ်ရက်သားအရွယ် ကလေးငယ် တရုတ်နိုင်ငံတွင် အငယ်ဆုံး ကိုယ်တွင်း အင်္ဂါ လှူဒါန်းသူ ဖြစ်လာ

ကလေးငယ်၏ ကျောက်ကပ်ဖြင့် အစားထိုး ခွဲစိတ်မှု ပြုလုပ်ခဲ့ရာ ဆေးရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ချန်ရှ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

နှစ်ရက်သား အရွယ် မွေးကင်းစ ကလေးငယ် တစ်ဦး၏ ကျောက်ကပ် အား နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသည့် မိန်းကလေး တစ်ယောက်တွင် အောင်မြင်စွာ အစားထိုး ကုသနိုင်ပြီးနောက် ထိုကလေးငယ်မှာ တရုတ်နိုင်ငံတွင် အငယ်ဆုံး ကိုယ်တွင်း အင်္ဂါလှူဒါန်းသူ ဖြစ်လာကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် မွေးရာပါ အောက်ဆီဂျင် မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဦးနှောက် ပျက်စီးမှု၊ အသက်ရှူကြပ်ခြင်း နှင့် အဆုတ်ရောဂါတို့ကြောင့် သေဆုံးခဲ့ပြီး မိဘများက ၎င်း၏ ကျောက်ကပ်များ ကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တောင်ပိုင်းဗဟို တက္ကသိုလ်၏ ဒုတိယ ရှောင်ရာ ဆေးရုံမှ ဆရာဝန်များသည် အလျား လေး စင်တီမီတာထက် သေးငယ်သည့် ကလေးငယ်၏ ကျောက်ကပ် တစ်စုံအား တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှ စီရင်စု အတွင်းရှိ အသက်ကိုးနှစ် အရွယ် ကျောက်ကပ်ဝေဒနာ ခံစားနေရသူ မိန်းကလေး၌ အောင်မြင်စွာ အစားထိုး ကုသ ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိန်းကလေးသည် ကလေးဘဝ ကတည်းက ကျောက်ကပ် ရောဂါကို ခံစားနေရပြီး ယင်းရောဂါကြောင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုများ ဆုတ်ယုတ်ခဲ့ရကြောင်း သိရသည်။ အစားထိုး ခွဲစိတ်မှု ခံယူပြီးနောက်တွင် ၎င်းက ပျော်ရွှင်စွာနှင့် ကျောင်းတက်ချင်ပါကြောင်း ပြောကြားခဲ့သည်။
ခွဲစိတ်မှုအား ဆေးရုံ၏ အင်္ဂါအစိတ်အပိုင်း အစားထိုး ကုသမှု ဌာန ဒါရိုက်တာ ဖန်းလောင်ခိုင်း က ဦးဆောင် ပြုလုပ်ခဲ့ပြီး ငယ်ရွယ်သည့် လူနာရှင်များ အတွက် ကျောက်ကပ် အစားထိုး ကုသမှုသည် ရှုပ်ထွေးသည့် ခွဲစိတ်မှု များနှင့် သေးငယ်သော သွေးကြောမျှင်များ ပါဝင်နေသောကြောင့် စိန်ခေါ်မှု တစ်ရပ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
၎င်းက ဆက်၍ ကျောက်ကပ်များသည် လူနာကိုယ်တွင်း၌ နောက်သုံးလကျော် အထိ ဆက်လက် ကြီးထွားနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)