Connect with us

CHINA

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံ သုံးနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေး ကူညီဆောင်ရွက်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့စေလွှတ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မေ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းဝဘ်ဆိုက်)

ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ)

အာဖရိကနိုင်ငံများ COVID-19 ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းတွင် အားပေးကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရမှ ဇင်ဘာဘွေ၊ ကွန်ဂို(ကင်ရှာဆာ)၊အယ်လ်ဂျီးရီးယား နိုင်ငံ သုံးနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့လွှတ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ပညာရှင်အဖွဲ့ကို တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်မှ ဖွဲ့စည်းကာ ဟူနန်ပြည်နယ်၊ ဟဲပေပြည်နယ်နှင့် ချုံချင့်မြို့ရှိ ကျန်းမာရေးကော်မရှင်များက ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း ၊ ၎င်းတို့အနက် ဇင်ဘာဘွေနိုင်ငံသို့ သွားရောက်မည့် ပညာအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ ၊အယ်လ်ဂျီးရီးယားနိုင်ငံသို့ သွားရောက်မည့် ပညာရှင်အဖွဲ့သည် ယခုရက်ပိုင်းများအတွင်း ထွက်ခွာတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံနှင့်အာဖရိကသည် အေးတူပူအမျှ မိတ်ဆွေရောင်းရင်းညီအကိုများဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးများအခြေအနေများခက်ခဲစဉ် အာဖရိကနိုင်ငံများက အဖိုးတန်သည့် အားပေးမှုများ ပြုခဲ့ကြောင်း ၊ ယခုအခါ အာဖရိကတွင် ကပ်ရောဂါအခြေအနေဆိုးဝါးလာရာ တရုတ်နိုင်ငံအနေဖြင့် ထပ်တူကိုယ်ချင်းစာကြောင်း၊ အာဖရိကနိုင်ငံများကို နည်းလမ်းအသွယ်သွယ်ဖြင့် တတ်နိုင်သ၍ အစွမ်းကုန် ကူညီအားပေးထောက်ပံ့မှုများပြုပြီးဖြစ်သလို ဆက်လက်၍လည်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် အာဖရိကနိုင်ငံများသို့ အရေးပေါ်လိုအပ်လျက်ရှိသော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများကို အကြိမ်များစွာ ပေးပို့ခဲ့သလို တရုတ်နိုင်ငံ၏ ပြည်နယ်၊မြို့၊ ကုမ္ပဏီလုပ်ငန်း၊ အရက်ဘက်လူမှုအဖွဲ့အစည်းများကလည်း အသီးသီး လက်ကမ်းကူညီပေးခဲ့ကြကြောင်း ၊ ရောဂါတိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့များစေလွှတ်ခဲ့သည့်အပြင် တရုတ်-အာဖရိက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အတူ ဗွီဒီယို ဆွေးနွေးပွဲ ၃၀ နီးပါး ကျင်းပက နည်းပညာဖလှယ်မှုများ ပြုခဲ့သလို အာဖရိကသို့ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အားဖြည့်ကူညီရန် တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာအဖွဲ့များက ၎င်းဒေသ အသီးသီးတွင် လေ့ကျင့်ရေးမွမ်းမံသင်တန်း ၄၀၀ နီးပါးပြုလုပ်ခဲ့ပြီး လူပေါင်း ၂၀,၀၀၀ ကျော်ကို လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အာဖရိကတိုက်၏ ကပ်ရောဂါဖြစ်ပွားမှုအခြေအနေနှင့် အာဖရိကနိုင်ငံများ၏ ဆန္ဒအရ ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တရုတ်-အာဖရိက ပြည်သူကျန်းမာရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားကာ ကပ်ရောဂါတိုက်ဖျက်ရေး အနိုင်တိုက်ပွဲကို လက်တွဲအတူရယူသွားမည်ဖြစ်ကြောင်း ကျောက်လိကျန်း က ပြောကြားခဲ့သည်။  (Xinhua)