Connect with us

CHINA

တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန )

ပေကျင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်သို့ရောက်ရှိနေသော အာဖရိကနိုင်ငံသားများအတွက် COVID-19 ကာကွယ်ရေးကို တရုတ်နိုင်ငံသားများနည်းတူ တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဧပြီ ၁၂ ရက်တွင် ရှင်းလင်းပြောကြားခဲ့သည်။

ရုတ်တရက်ဖြစ်ပွားလာသော COVID-19 ကပ်ရောဂါအတွက် ကမ္ဘာ့ ပြည်သူ့ကျန်းမာရေး အန္တရာယ်အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရာတွင်  ရောဂါပျံ့နှံ့မှုမရှိစေရန် ကမ္ဘာ့နိုင်ငံအသီးသီးက ထိန်းချုပ်စီမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ဘက်စုံထောင့်စေ့တင်းကြပ်မှုအရှိဆုံး နည်းလမ်းများဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အရေးကြီးအဆင့် အောင်မြင်ထိရောက်သော ရလဒ်များကို ရရှိခဲ့ပြီဖြစ်သော်လည်း လက်ရှိတွင် ပြည်ပမှ ရောဂါဝင်ရောက်မှု ၊ ပြည်တွင်းရောဂါကာကွယ်မှု တို့တွင် တစ်ဖန် ပြန်လည်ပွားနိုင်ချေ အခြေအနေဆိုးများရှိနေရာ အထူးသဖြင့် နိုင်ငံ တကာ ကပ်ရောဂါပျံ့နှံ့မှုများနှင့်အတူ ရောဂါဝင်ရောက်လာနိုင်မှု ဖိအားများလည်း အဆက်မပြတ် တိုးပွားလျက်ရှိကြောင်း ကျောက်လိကျန်းက ဆိုသည်။

တရုတ်နိုင်ငံနှင့်အာဖရိကနိုင်ငံများသည့် မိတ်ဆွေရောင်းရင်းညီအကိုများဖြစ်ကြကြောင်း ၊ တရုတ်-အာဖရိက ချစ်ကြည်ရေးသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက နိုင်ငံလွတ်လပ်ရေး၊အမျိုးသားလွတ်မြောက်ရေးရရှိရန်ကြိုးစားသည့်အခါတွင်ဖြစ်စေ၊ လူမှုစီးပွားဖွံ့ဖြိုးရေးကို အားထားကြိုးစားဆောင်ရွက်သည့်အခါတွင်ဖြစ်စေ အခက်အခဲအကြပ်အတည်းများကို အတူတကွ ဖြတ်သန်းခဲ့ကြသည့်အဖိုးမဖြတ်နိုင်သော လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၎င်းက   ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အနောက်အာဖရိက နိုင်ငံ သုံးနိုင်ငံ၌ အီဘိုလာကပ်ရောဂါပျံ့နှံ့ဖြစ်ပွားလာသည့်အခါ တရုတ်နိုင်ငံအစိုးရသည် ဦးစွာ ရပ်ဝေးမှအပြေးသွားရောက်ပြီး အာဖရိကနိုင်ငံများ၊ပြည်သူများနှင့် လက်တွဲအတူ ပုခုံးယှက်ကာ ကပ်ရောဂါကို တိုက်ဖျက်ခဲ့ကြကြောင်း ၊ COVID-19 ကပ်ရောဂါဖြစ်ပွား သည့်အခါတွင်လည်း တရုတ်-အာဖရိက နောက်ထပ်တစ်ဖန် တစ်သားတည်း စည်းလုံးညီညွတ်စွာ လက်ရှိကာလအခက်အခဲများကို ရင်ဆိုင်တိုက်ဖျက်ရန် တရုတ်-အာဖရိကနိုင်ငံများ၏ ချစ်ကြည်ရေး ကို အားသစ်ထပ်လောင်းစေနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံပြည်သူများ ကပ်ရောဂါတိုက်ဖျက်နေသည့် အရေးကြီးအချိန်အခါတွင် အာဖရိကနိုင်ငံများနှင့်ပြည်သူများက ကူညီအားပေးထောက်ခံခဲ့ကြသည် ကို မိမိတို့အနေဖြင့် စွဲမြဲစွာအမှတ်ရလျက်ရှိရာ အခက်အခဲမျိုးစုံကို ဖြေရှင်းကျော်လွှားရင်း တရုတ်နိုင်ငံရှိ အာဖရိကနိုင်ငံသားများ အထူးသဖြင့် ပညာတော်သင်များကို ဂရုတစိုက်စောင့်ရှောက် ပေးလျက်ရှိကြောင်း ၊ အာဖရိကတွင် ကပ်ရောဂါအခြေအနေဆိုးဝါးလာသည့်အခါ တရုတ်နိုင်ငံ အစိုးရမှစ၍ ပြည်သူအရပ်သားအဖွဲ့အစည်းများက တက်ကြွစွာ အရေးပေါ်ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်း ၊ ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများသည် အာဖရိကသို့ ရောက်ရှိအောင်ပို့ဆောင်ပေးခဲ့သည်မှာ တရုတ်နိုင်ငံပြည်သူများ၏ အာဖရိကညီအကိုမောင်နှမများအပေါ်ထားရှိသည့်လေးနက်သည့် ချစ်ကြည်ရေးနှင့် တရုတ်-အာဖရိက နိုင်ငံများအကြား အပြန်အလှန်အားပေး ကူညီကြသည့် မွန်မြတ်သည့်အစဉ်အလာ၏ ပြယုဂ်ဖြစ်စေခဲ့ကြောင်း ကျောက်လိကျန်းက ဆိုသည်။

တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး တာဝန်အခက်အခဲအကြပ်တည်းများကြား ကပင် နည်းလမ်းအသွယ်သွယ်ဖြင့် အာဖရိက သမဂ္ဂနှင့် အာဖရိကနိုင်ငံများသို့ ဓာတ်ခွဲစစ်ဆေး ကိရိယာ၊ နှာခေါင်းစည်း၊ ရောဂါကာကွယ်ရေးဝတ်စုံ၊မျက်မှန်၊ ကိုယ်ပူချိန်းတိုင်းကိရိယာ၊ အသက်ရှူစက် စသည့် ထောက်ပံ့ရေးပစ္စည်းအမြောက်အမြားကို ကူညီပေးအပ်ခဲ့ကြောင်း ၊ နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံမှ အာဖရိက ညီအကိုများကို အတတ်နိုင်ဆုံး ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအစိုးရသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုများလုပ်ဆောင်သည့်အခါ တရုတ်နိုင်ငံရှိ နိုင်ငံခြားသားများ၏ အသက်အိုးအိမ်ကျန်းမာရေးလုံခြုံမှုကို အစဉ် အလေးထားလျက်ရှိရာ ၎င်းတို့အား တရုတ်နိုင်ငံသားပြည်သူများနှင့် မခြား တစ်ပြေးညီဆက်ဆံသွားမည်ဖြစ်ပြီး လူတစ်စုအား ခွဲခြားဆက်ဆံမှုလုပ်ရပ်များကိုလည်း ဆန့်ကျင်သလို အထင်သေးခွဲခြားသည့်အပြောဆိုပြုမှုများကိုလည်း လုံးဝ လက်ခံမည်မဟုတ်ကြောင်း ၊ ကပ်ရောဂါဖြစ်ပွားသည်မှစ၍ ကွမ်တုန်းပြည်နယ်တွင် COVID-19ရောဂါအတည်ပြုထားသည့် အာဖရိက နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ၏ ကယ်ဆယ်ကုသမှုများကို အထူး အလေးထား ဆောင်ရွက်လျက်ရှိရာ ရောဂါပြင်းထန်၍ အသက်အန္တရာယ်စိုးရိမ်ရသော အာဖရိက နိုင်ငံသား အချို့ကို ကယ်ဆယ်ကုသနိုင်ခဲ့ကြောင်း ၊ ၎င်းတို့၏ ကျန်းမာရေးနှင့်အသက်အိုးအိမ် လုံခြုံရေးကို အာမခံမှု အပြည့်၀ဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆိုသည် ။ 

လက်ရှိ အာဖရိက မိတ်ဆွေအချို့၏ အလေးထားဂရုပြုသည့် ကိစ္စရပ်များကို ကွမ်တုန်းပြည်နယ်မှာ အလေးထား ကောင်းမွန်စွာ စီမံဆောင်ရွက်လျက်ရှိရာ ခွဲခြားမှုမရှိသည့် ကျန်းမာရေး အစီအမံ ဝန်ဆောင်မှု၊ သတ်မှတ်ဟိုတယ်တွင် ကျန်းမာရေးအခြေအနေ စောင့်ကြည့်ရန်လိုအပ်သည့် နိုင်ငံခြားသားများကို နေထိုင်စေရေး ၊ ငွေရေးကြေးရေးအခက်အခဲဖြစ်သူများကို နေထိုင်စရိတ်သင့်တင့်သလို လျှော့ချပေးရေးများကို အမြန်ဆောင်ရွက်လျက်ရှိကြောင်း ၊ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ နိုင်ငံခြားသံရုံးများနှင့် ထိရောက်သောချိတ်ဆက်ဆွေးနွေးမှုများ ထားရှိထားကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံပြည်သူများသည် အာဖရိကပြည်သူများနှင့်အတူ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ အေးတူပူမျှ ညီအကိုများအဖြစ် သဘောထားရာ တရုတ်-အာဖရိက ချစ်ကြည်ရေးသည် အစဉ်အမြဲခိုင်မာလျက်ရှိကြောင်း ၊ အာဖရိက မိတ်ဆွေများအနေဖြင့် တရုတ်နိုင်ငံတွင် တရားမျှတသော၊ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကွမ်တုန်းပြည်နယ်သက်ဆိုင်ရာနှင့် နီးကပ်စွာ ဆက်လက်ချိတ်ဆက်ဆွေးနွေးသွားကာ အာဖရိကမိတ်ဆွေများ၏ သင့်တင့်မှန်ကန်သည့် တောင်းဆိုချက်များကို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကျောက်လိကျန်းက ပြောကြားခဲ့ သည်။

ဗိုင်းရပ်စ်ရောဂါပိုးမွှားသည် နယ်စည်းမခြားတည်ရှိသည့် လူသားအားလုံးရင်ဆိုင်နေရသည့် ဘုံစိန်ခေါ်မှုဖြစ်ရာ နိုင်ငံတကာ အသိုက်အဝန်း၏ ပူးပေါင်းအင်အားဖြင့်သာ အနိုင်တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း ၊မိမိတို့အနေဖြင့် အာဖရိက မိတ်ဆွေရောင်းရင်းများနှင့်အတူ အပြန်အလှန်နားလည်အားပေးပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားကာ လူသားအားလုံး၏ ဗိုင်းရပ်စ်ရောဂါပိုး တိုက်ဖျက်ရေးစစ်ပွဲကို အနိုင်ရအောင် ကြိုးပမ်းဆောင်ရွက်သွားလို ကြောင်း ပြောကြားခဲ့သည်။ (Xinhua)