Connect with us

CHINA

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုတွင် မော်ရိုကိုနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော မော်ရိုကိုနိုင်ငံ ဘုရင် Mohammed VI အား ၂၀၁၆ ခုနှစ် မေ ၁၁ ရက်က ကြိုဆိုစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က COVID-19 သည် ကပ်ရောဂါအဖြစ် ကျန်ရှိနေပြီး ကာကွယ်ဆေးများက ကပ်ရောဂါကို ကျော်လွှားမည့် လူသားများ၏အောင်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုနှင့် ထုတ်လုပ်မှုတွင် မော်ရိုကိုနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အသင့်ရှိကြောင်း ဩဂုတ် ၃၁ ရက်က ပြောကြားခဲ့သည်။ 

ရှီသည် မော်ရိုကိုနိုင်ငံ ဘုရင် Mohammed VI နှင့် ဩဂုတ် ၃၁ ရက်ညပိုင်းက တယ်လီဖုန်းနှင့် ဆက်သွယ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ကိုယ်စား ရှီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေး၌ မော်ရိုကိုနိုင်ငံ အစိုးရနှင့် ပြည်သူများအတွက် စာနာထောက်ထားမှုနှင့် အခိုင်အမာထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မော်ရိုကိုနိုင်ငံ ဆေးလ်မြို့တွင် COVID-19 ရောဂါစစ်ဆေးရန် အမျိုးသားတစ်ဦးထံမှ အာခေါင်တို့ဖတ်ရယူနေစဉ် (ဆင်ဟွာ)

COVID-19 သည် ကမ္ဘာကြီးတစ်ခုလုံးကို ကြောက်မက်ဖွယ် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ကပ်ရောဂါကို အတူတကွ တိုက်ဖျက်လျက်ရှိကြောင်းနှင့် ၎င်းနှင့် မော်ရိုကို ဘုရင်တို့သည်လည်း အကြိမ်ပေါင်းများစွာ သဝဏ်လွှာများ ဖလှယ်မှုများ ရှိခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ 

တရုတ်နိုင်ငံ၏ COVID-19 တိုက်ပွဲ၏ အစောပိုင်းနေ့ရက်များကို ပြန်ပြောင်းကြည့်ပါက မော်ရိုကိုနိုင်ငံသည် တရုတ်နိုင်ငံကို တန်ဖိုးမဖြတ်နိုင်ငံသော ထောက်ခံအားပေးမှုနှင့် စည်းလုံးညီညွတ်မှုကို ပေးခဲ့သလို မော်ရိုနိုင်ငံတွင် သောင်တင်နေသော တရုတ်နိုင်ငံသားများကိုလည်း စောင့်ရှောက်မှုပေးခဲ့သည်ဟု ရှီက ဆိုသည်။ ထိုနည်းတူစွာပင် မော်ရိုကိုနိုင်ငံတွင် COVID-19 ဖြစ်ပွားလာပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါ တိုက်ဖျက်ရေး အထောက်အပံ့များကို တက်ကြွစွာ ကူညီပေးခဲ့ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။ 

မော်ရိုကိုနိုင်ငံ ဆေးလ်မြို့ရှိ စက်ရုံတစ်ရုံတွင် ရောဂါကာကွယ်ရေးနှာခေါင်းစည်းများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

COVID-19 ကာကွယ်ဆေးကို တရုတ်နိုင်ငံတွင် ဖော်ထုတ်ပြီး အသုံးပြုခဲ့ချိန်က ထပ်ခါတလဲလဲ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကုန်စည်အဖြစ် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများကို အခြားထက် ပထမဆုံးအကျိုးကျေးဇူးရရှိစေမည် ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။ 

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံနှင့် မော်ရိုကိုနိုင်ငံတို့သည် အခြားသောနိုင်ငံများနှင့်အတူ နိုင်ငံစုံပါဝင်ရေးဝါဒကို စောင့်ထိန်းရန်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ဦးဆောင်အခန်းကဏ္ဍ၌ ပါဝင်ရေးကို ထောက်ခံရန်နှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအားလုံး၏ အသက်နှင့် ကျန်းမာရေးကို ပူးတွဲကာကွယ်သွားကြရန် အကြံပြုခဲ့သည်။ 

တရုတ်နိုင်ငံနှင့် မော်ရိုကိုနိုင်ငံတို့သည် ပြောင်းလဲမှုမရှိသော အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ဖြင့် လေးနက်သော ချစ်ကြည်ရင်းနှီးမှုရှိပြီး နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများနှင့် အဓိက ဆက်စပ်သော ကိစ္စရပ်များအပေါ် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အခိုင်အမာ ထောက်ခံလျက်ရှိကြောင်းလည်း ရှီက အလေးထားပြောခဲ့သည်။ 

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့ရှိ ယဉ်ကျေးမှုစင်တာတွင် တရုတ်နှစ်သစ်ကူး အခမ်းအနား ယဉ်ကျေးမှုပြပွဲတစ်ခုအတွင်း ဆီစိမ်စက္ကူထီးများ ပြုလုပ်နည်းကို လေ့လာနေသည့်အမျိုးသားတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် တရုတ် ကုမ္ပဏီများကို မော်ရိုကိုနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန်နှင့် စီးပွားရေးလုပ်ကိုင်ရန် တွန်းအားပေးလျက်ရှိကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် စသည့်နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာမြှင့်တင်ရန်၊ ပြည်သူအချင်းချင်း ဖလှယ်မှုများနှင့် ကပ်ရောဂါခေတ်အလွန် ပူးပေါင်းဆောင်ရွက်မှုအတွက် စီမံကိန်းသစ် ရေးဆွဲရန်၊ တရုတ်-မော်ရိုကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အောင်မြင်မှုအသစ်များ ရရှိရန် တွန်းအားပေးရန် အသင့်ရှိကြောင်း သမ္မတ ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။ 

မော်ရိုကိုနိုင်ငံ ဘုရင် Mohammed VI က ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့စဉ်က ၎င်းနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့သည် မော်ရိုကို-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ပူးတွဲထူထောင်ကြောင်း ကြေညာခဲ့ပြီး မော်ရိုကိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကဲ့သို့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံရရှိသည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကြောင်း မော်ရိုကိုနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

မော်ရိုကိုနိုင်ငံက တရုတ်နိုင်ငံကို နိုင်ငံ၏ ပူးပေါင်းဆောင်မှု ထိပ်တန်းဦးစားပေးအဖြစ် မှတ်ယူထားပါကြောင်းနှင့် နှစ်နိုင်ငံအနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ သိပ္ပံနှင့် နည်းပညာ စသည့်နယ်ပယ်များစွာ၌ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို၍ တက်တက်ကြွကြွ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မော်ရိုကိုနိုင်ငံ ဘုရင်က ပြောခဲ့သည်။ 

၎င်းက မော်ရိုကိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာနှင့် လုံခြုံရေးကဲ့သို့သော ဘုံအကျိုးစီးပွားများကို ကာကွယ်ရေးတွင် ဥပဒေအရရပ်တည်ချက်ကို အခိုင်အမာ ထောက်ခံကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် မော်ရိုကိုနိုင်ငံတွင် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် တရုတ်နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်း၊ ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှု၊ ရရှိမှုနှင့် ထုတ်လုပ်မှုများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် မျှော်လင့်ကြောင်း ဘုရင် Mohammed VI က ပြောကြားခဲ့သည်။   (Xinhua)