Connect with us

CHINA

တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိ

တရုတ်နိုင်ငံ အမျိုးသား ဆေးဝါးထုတ်လုပ်ရေးအဖွဲ့ (Sinopharm) ရှိ ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံတွင် COVID-19 ကာကွယ်ဆေး နမူနာ စမ်းသပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး (Inactivated COVID-19 vaccine) သည် ဧပြီ ၂၄ ရက်တွင် လက်တွေ့စမ်းသပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကာကွယ်ဆေးထုတ်လုပ်သူများက ပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးသည် တရုတ်နိုင်ငံ အမျိုးသား ဆေးဝါးထုတ်လုပ်ရေးအဖွဲ့ (Sinopharm) အောက်ရှိ ဝူဟန့် ဇီဝဗေဒထုတ်ကုန်များဆိုင်ရာတက္ကသိုလ် (Wuhan Institute of Biological Products) နှင့် တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီအောက်ရှိ ဝူဟန့် ရောဂါပိုးမွှားဗေဒတက္ကသိုလ် (Wuhan Institute of Virology) တို့က ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဧပြီ ၁၂ ရက်တွင် လက်တွေ့စမ်းသပ်မှု စတင်ခဲ့သည်။

ဧပြီ ၂၃ ရက်အထိ ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှု ပထမအဆင့်တွင် အသက်အရွယ်အုပ်စု သုံးခုရှိ လူ ၉၆ ဦးက စမ်းသပ်မှုခံယူခဲ့ကြောင်း Sinopharm က ကြေညာချက်တွင် ပြောကြားခဲ့သည်။ ၎င်းကာကွယ်ဆေးသည် လက်ရှိအချိန်အထိ ကောင်းစွာဘေးကင်းမှုကို ပြသနေကြောင်းနှင့် ကာကွယ်ဆေးခံယူထားသူများအား စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးစမ်းသပ်မှုအား တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျောင်းကျော့မြို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လက်တွေ့စမ်းသပ်မှု ဒုတိယအဆင့်တွင် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်သွားမည်ဟု Sinopharm က ဆိုသည်။

ကာကွယ်ဆေး လက်တွေ့စမ်းသပ်ခြင်း ပထမနှင့် ဒုတိယအဆင့် နှစ်ခုလုံးအား အမျိုးသား ဆေးဝါးထုတ်ကုန်များ စီမံခန့်ခွဲမှုဌာနက ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

Sinopharm အနေဖြင့် ကာကွယ်ဆေးအား လက်တွေ့စမ်းသပ်မှု တတိယအဆင့်ကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လက်တွေ့စမ်းသပ်မှု ပြီးပြည့်စုံရန် အချိန်တစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်းနှင့် နောက်ဆုံးတွင် ကာကွယ်ဆေး၏ ဘေးကင်းမှုနှင့် အစွမ်းထက်မှုအပေါ် အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် COVID-19 ကာကွယ်ဆေး ထုတ်လုပ်သူကုမ္ပဏီသုံးခုအား ခွင့်ပြုပေးခဲ့သည်။ ကာကွယ်ဆေးတစ်မျိုးဖြစ်သည့် Adenovirus vertor vaccine သည် ကမ္ဘာ့ပထမဆုံး လက်တွေ့စမ်းသပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိနေသည့် COVID-19 ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။  (Xinhua)