Connect with us

COVID-19 UPDATES

COVID-19 အတည်ပြုလူနာသစ် ၅၇၄ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ၃ ဒဿမ ၆ ရာခိုင်နှုန်းရှိ

နှာခေါင်းစည်းဖြင့် အစားအသောက်ပို့ဆောင်နေသူ အချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၉၇၂ ခုအားစစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာသစ် ၅၇၄ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုနှုန်းမှာ ၃ ဒဿမ ၆ ရာခိုင်နှုန်းရှိကြောင်းနှင့် သေဆုံးလူနာ ၁၄ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က “နေ့စဉ်ပိုးတွေ့ရှိတဲ့ရာခိုင်နှုန်းကတော့ လျော့လာပါပြီ။ အခုကမ္ဘာ့နိုင်ငံတချို့မှာဖြစ်နေတဲ့ ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်ကို COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေမှာ ရှိမရှိစစ်ဆေးတော့ မတွေ့ရှိရတဲ့အကြောင်း ကျွန်တော်တို့ သတင်းထုတ်ပြန်ခဲ့ပြီးပါပြီ။ ပိုးတွေ့နှုန်း ဆက်လက်လျော့ကျအောင် ပြည်သူတွေအနေနဲ့ မပေ့ါဆဘဲ ဆက်ထိန်းဖို့ ပြောချင်ပါတယ်။ အခုကမ္ဘာ့နိုင်ငံတချို့မှာတွေ့တဲ့ SARS-CoV-2 ကူးစက်မှုက ပိုမြန်တယ်။ ရောဂါပိုပြင်းထန်တာမျိုးမရှိဘူး။ ရောဂါပျော့သွားတာလည်းမရှိတော့ ကိုယ့်နိုင်ငံမှာ မရောက်ဖို့ အတွက် သတိထားသင့်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဗီဇပြောင်း SARS-CoV-2 အသစ် ပြန့်ပွားမှုကိုကာကွယ်ရန် ယာယီကန့်သတ်မှုအဖြစ် ဂရိတ်ဗြိတိန်နှင့်မြောက်အိုင်ယာလန်တို့ပါဝင်သော ယူနိုက်တက်ကင်းဒမ်း (UK) တွင် နေထိုင်သူများနှင့် အဆိုပါနေရာသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း သွားရောက်ခဲ့သူများအား မြန်မာနိုင်ငံသို့လာရောက်မှု တားမြစ်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက် ၂၃း၅၉ နာရီမှ စတင်သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယနေ့ အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၂၅,၆၁၆ ဦးရှိပြီဖြစ်ပြီး ယနေ့ဆေးရုံဆင်းခွင့်ရရှိသူ ၈၈၃ ဦးရှိသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၀၈,၆၆၀ ဦး ရှိပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၂၇၁၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)