Connect with us

INTERNATIONAL ORGANIZATION

BRICK ဖွံ့ဖြိုးရေး ဘဏ် အသစ် က ဘရာဇီး နိုင်ငံ၌ ကပ်ရောဂါ တိုက်ဖျက်ရေးကူညီရန် ကန် ဒေါ်လာ ၁ ဘီလီယံ ထောက်ပံ့ပေး

BRICK ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် အသစ် လိုဂို အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘရာဇီးလီးယား ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ အစိုးရ အနေဖြင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားစဉ် ဝင်ငွေနည်းသော ပြည်သူများအား အရေးပေါ် ထောက်ပံ့ကူညီမှု ဆောင်ရွက်နိုင်ရန်အတွက် BRICK ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်သစ် (BRICK New Development Bank) မှ ချေးငွေ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ 

အဆိုပါ ချေးငွေသည် ဘရာဇီး နိုင်ငံရှိ ဝင်ငွေနည်းပါသော ပြည်သူများအတွက် အစားအသောက် ၊ ဆေးဝါး နှင့် ကျန်းမာရေး ပစ္စည်းများ ဝယ်ယူနိုင်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ လူများအနေဖြင့်  နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်မှုကို ဆက်လက် ထိန်းသိမ်းထားခြင်းသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု အတွက် အလွန်အရေးပါကြောင်း ဘရာဇီးအစိုးရက ပြောကြား ခဲ့သည်။

ဘရာဇီး နိုင်ငံ အစိုးရသည် ပြီးခဲ့သော မတ်လမှစတင်ကာ ဝင်ငွေနည်းပါးသည့် မိသားစုဝင်များ ၊ ယာယီဝန်ထမ်းများ နှင့် အလုပ်လက်မဲ့ များ အတွက် လစဉ် အမေရိကန် ဒေါ်လာ ၁၁၂.၈ ဒေါ်လခန့်ကို ထောက်ပံ့ပေးမည့် အရေးပေါ် ကူညီထောက်ပံ့မှု တစ်ရပ် ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းအစီအစဉ်ကို သြဂုတ်လ အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဘရာဇီး နိုင်ငံ ဖယ်ဒရယ်အစိုးရ စုဆောင်းရေးဘဏ် ၏ နောက်ဆုံး ထုတ်ပြန်သော စာရင်းများ အရ နိုင်ငံ အနေဖြင့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂၂.၇၃ ဘီလီယံကို  လူပေါင်း ၆၅.၂ သန်း ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂၀ ရက် ညပိုင်းအထိ ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ စုစုပေါင်း ၂,၁၁၈,၆၄၆ ဦး နှင့် သေဆုံးသူ ၈၀,၁၂၀ ဦး ရှိကြောင်း သိရသည်။(Xinhua)