Connect with us

INTERNATIONAL ORGANIZATION

COVID-19 ကပ်ရောဂါဖြစ်ပွားမှုက အချိန်ကာလ ၂ နှစ်အောက် ကြာမြင့်နိုင်မည်ဟု WHO အကြီးအကဲပြော

ဂျော်ဒန်နိုင်ငံ Ramtha မြို့တွင် ကလေးငယ်တစ်ဦးထံမှ COVID-19 စစ်ဆေးစမ်းသပ်မှုအတွက် နှာခေါင်းတို့ဖတ်ရယူနေစဉ် (ဓာတ်ပုံ-Mohammad Abu Ghosh/Xinhua)

 ဂျီနီဗာ၊  ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါဖြစ်ပွားမှုသည် အချိန်ကာလအားဖြင့် နှစ်နှစ်အောက် ကြာမြင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ဩဂုတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။ 

“ကျွန်တော်တို့မှာ ကာကွယ်ဆေးလိုမျိုး ဖြည့်စွက်ကိရိယာတွေ ရှိနေနိုင်ဖို့ မျှော်လင့်ပြီး ၁၉၁၈ ခုနှစ် တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့အချိန်ကထက် တိုတောင်းတဲ့ကာလမှာ ပြီးဆုံးနိုင်မယ်လို့ ထင်ပါတယ်” ဟု လူ့အသက်ပေါင်း သန်းနှင့်ချီ သေဆုံးခဲ့ရပြီး ယင်းရောဂါကို အဆုံးသတ်ရန် အချိန်နှစ်နှစ်ခန့်ယူခဲ့ရသည့် စပိန်တုပ်ကွေးကပ်ရောဂါကို ရည်ညွှန်းကာ ဂျီနီဗာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ WHO အကြီးအကဲ Tedros က ပြောခဲ့သည်။ 

 ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus အား တွေ့ရစဉ် (ဆင်ဟွာ)

 

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Gamaleya ကူးစက်ရောဂါဗေဒနှင့် အဏုဇီဝဗေဒ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ ဖော်ထုတ်သော COVID-19 ကာကွယ်ဆေးအား တွေ့ရစဉ် (ဓာတ်ပုံ- RDIF/Handout via Xinhua)

နိုင်ငံများအနေဖြင့်လည်း ကာကွယ်ဆေး သို့မဟုတ် ကုသမှုများ တွေ့ရှိသည့်တိုင်အောင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်ကြောင်း Tedros က သတိပေးခဲ့သည်။ 

“ဒါပေမဲ့ အကယ်၍ ကျွန်တော်တို့မှာ ကာကွယ်ဆေးရှိတယ်ဆိုရင်တောင်မှပဲ ကပ်ရောဂါ အဆုံးသတ်နိုင်မယ်လို့ အာမ မခံနိုင်သေးပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

ကမ္ဘာကြီးအနေဖြင့်  အပြန်အလှန် ဆက်သွယ်မှု ပိုမိုရှိလာသော လက်ရှိအချိန်တွင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကထက် ကိုရိုနာဗိုင်းရပ်စ် အလွယ်တကူပျံ့နှံ့နိုင်သည်ဆိုသော်လည်းပဲ ခေတ်မီ နည်းပညာနှင့် ဗဟုသုတများအား ကပ်ရောဂါကို ပိုမိုထိရောက်စွာ ရပ်တန့်နိုင်ဖို့ ကိရိယာများအဖြစ် လူသားများကို ပေးအပ်ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ ကျန်းမာရေးဆိုင်ရာ အကြီးအကဲက ဆိုသည်။                                                               

နိုင်ငံများအနေဖြင့် ထိရောက်သော ကျန်းမာရေးဆောင်ရွက်ချက်များ အကောင်အထည်ဖော်သင့်သလို ရောဂါကူးစက်မှုများမှ ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် နေ့စဉ်နေထိုင်မှုများကိုလည်း ချိန်ညှိရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ 

တစ်မ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားသူ ၂၂.၈၄ သန်း ကျော်နှင့် သေဆုံးသူ ၇၉၇,၀၀၀ ဦးကျော် ရှိလာခဲ့ပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာနမှ နောက်ဆုံးကောက်ယူထားသည့်စာရင်းအရ သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117