Connect with us

MYANMAR

မြန်မာနိုင်ငံ သို့ လာရောက်သည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေးထပ်တိုး ကန့်သတ်ချက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန် 

ရန်ကုန်လေဆိပ်တွင် နှာခေါင်းစည်းများ တပ်ဆင်ထားသည့် ခရီးသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံ သို့ လာရောက်သည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေးထပ်တိုး ကန့်သတ်ချက်များထုတ်ပြန်လိုက်ပြီး ထိုထပ်တိုးကန့်သတ်ချက်များသည် မတ်လ ၂၁ ရက်နေ့ ခရီးသည်ထွက်ခွာလာသည့် နိုင်ငံ ၏ ဒေသစံတော်ချိန် (၀၀း၀၀) နာရီ မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၂၀ ရက်တွင် ထုတ်ပြန်သည်။

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ  ကူးစက်ပြန့်ပွားမှုနှုန်း အလွန်မြင့်မားလာသည့် ထပ်တိုးနိုင်ငံများ အပေါ် ယာယီကန့်သတ်ချက်များအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ သြစတြီးယားနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံ တို့တွင် လွန်ခဲ့သည့် ၁၄ ရက် အတွင်း နေထိုင်ခဲ့သူများ နှင့် သွားရောက်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားများအပါအဝင်  ခရီးသွားများ အားလုံး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစ၍  (၁၄) ရက်သီးသန့်သတ်မှတ်ထားသည့်နေရာများတွင် ထားရှိစောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံ သို့ရောက်ရှိချိန်မှ စတင်၍ ၎င်းတို့ ၏ နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်ခြင်း၊ ၎င်းတို့ အားလုံးအနေဖြင့် မြန်မာနိုင်ငံ သို့ လာရောက်မည့်လေယာဉ်များပေါ်သို့ မတက်ရောက်မီ အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း နှင့် အသက်ရှူမဝ သည့်လက္ခဏာများ မရှိကြောင်း ဖော်ပြပါရှိသည့် သက်ဆိုင်ရာနိုင်ငံမှ အသိအမှတ်ပြု ကျန်းမာရေးအဖွဲ့အစည်းများ မှ ထုတ်ပေးသည့် ဆေးထောက်ခံစာပြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) နှင့် အီလက်ထရောနစ်ဗီဇာ (e-Visa) ထုတ်ပေးခြင်းများအား ယနေ့ မှစ၍ ဧပြီလ ၃၀ ရက် အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

သို့ရာတွင် မြန်မာနိုင်ငံဆိုင်ရာသံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ မှဝန်ထမ်းများ နှင့် နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံသို့ မလွှဲမရှောင်သာ ကိစ္စရပ်များ (သို့မဟုတ်) အရေးတကြီးတာဝန်ဖြင့် လာရောက်ရန် ရှိပါက လိုအပ်သည့် ပြည်ဝင်ဗီဇာရရှိရေး နှင့် သီးသန့်ထားရှိမှု အစီအမံများလွယ်ကူစေရန်အတွက် အနီးဆုံးမြန်မာသံရုံးများ နှင့် ဆက်သွယ်ဆောင်ရွက်သွားနိုင်ကြောင်း၊ မတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြိုတင်ကာကွယ်ရေးအစီအမံများသည်လည်း ဆက်လက်အတည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)