Connect with us

MYANMAR

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် COVID-19 ကြောင့် စီးပွားရေးကဏ္ဍ နှင့် ပတ်သက်၍ သတင်းအချက်အလက်မှန် ထုတ်ပြန်ပေးမည့် Information Center ဖွင့်လှစ်ဆောင်ရွက်မည် 

ရန်ကုန်မြို့ရှိဈေးတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ်(UMFCCI) အနေဖြင့် Coronavirus Disease (COVID-19) ကပ်ရောဂါနှင့်ဆက်စပ်၍ စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်လျက်ရှိသော သတင်းအချက်အလက်အမှန်များကို အချိန်နှင့်တပြေးညီ ပြန်ကြားပေးနိုင်ရန်အတွက် Information Center တစ်ခု ဖွင့်လှစ်ဆောင်ရွက်သွားရန်ရှိကြောင်း UMFCCI မှ  ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက မတ် ၂၀ ရက်တွင် ဆင်ဟွာကိုပြောသည်။

ဒေါက်တာမောင်မောင်လေးက “လူတွေ ကစိုးရိမ်ပြီး စားသောက်ကုန်တွေ ဝယ်ကြတယ်။ 

ကောလာဟလ တွေကြောင့် ကုန်ဈေးနှုန်းကစားကြမှာစိုးလို့ Information Center ကနေ တစ်နေ့ သတင်း ၂ ကြိမ်ထုတ်ပြန်ပေးမှာပါ။ Information Center က UMFCCI မှာဖွင့်ထားတာပါ။ UMFCCI မှာ စားသောက်ကုန်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အမှန်တွေကို ဖုန်းဆက်မေးလို့ ရပါတယ်’’ ဟုပြောသည်။

Coronavirus Disease (COVID-19) သည် ကမ္ဘာအနှံ့အပြားတွင် ကူးစက်ပြန့်ပွားလျက်ရှိပြီး မြန်မာနိုင်ငံပြည်သူများအနေဖြင့်လည်း စိုးရိမ်ပူပန်စိတ်ဖြင့် ဆန်၊ ဆီစသည့် အခြေခံစားသောက်ကုန်များကို ပုံမှန်ထက် ပိုမိုဝယ်ယူလျက်ရှိရာ ကုန်သည်စက်မှုအသင်းချုပ်သည် ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေး၊ ကုန်စည်စီးဆင်းမှုချောမွေ့စွာဆောင်ရွက်နိုင်ရေးနှင့် သတင်းမှန်ပြန်ကြားနိုင်ရေးအတွက်ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာမောင်မောင်လေးက “အခြေခံစားသောက်ကုန်ပစ္စည်းတွေက ပစ္စည်းပြတ်ဖို့ လုံးဝ လုံးဝ မရှိပါဘူး။ ဆန်တို့၊ ဆီတို့  အခြေခံ စားသောက်ကုန်တွေ အကုန်လုံလုံလောက်လောက်ရှိပါတယ်။ အသားငါးတို့ ဟင်းသီးဟင်းရွက် တို့လည်း ရှိနေတယ်။  လူတွေ ထင်ယောင်ထင်မှားမဖြစ်ဖို့ အတွက် အသင်းချုပ်အနေနဲ့ ကြိုးစားဆောင်ရွက်နေတာပါ။ ကိုယ့်နိုင်ငံမှာ အခြေခံစားသောက်ကုန်တွေ ထွက်တဲ့ အတွက် ပြည်သူတွေ ပူစရာမလိုပါဘူး။ ကျန်းမာရေး နဲ့ ပတ်သက်ပြီးတော့သာ ကျန်မားရေးဝန်ကြီးဌာန က ထုတ်ပြန်တဲ့ အတိုင်း ဆင်ခြင်နေဖို့ ပဲ ပြောချင်ပါတယ်။’’  ဟုပြောသည်။

အခြေခံအလုပ်သမားများ အများဆုံးအလုပ်လုပ်ကိုင်ကြသော စက်မှုဇုန်များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ စသည်တို့ကို အထူးစီမံချက်တစ်ရပ်ချမှတ်၍ ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံအတွင်း Coronavirus Disease (COVID-19) ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လာပြီး နယ်မြေကန့်သတ်မှုများ ပြုလုပ်လာပါက အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းပြတ်လပ်ခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ကုန်စည်စီးဆင်းနိုင်ရန် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ကိုလည်း ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)