Connect with us

MYANMAR

နယ်စပ်ကုန်သည်များ ရွှေလီမြို့အခြေအနေ စောင့်ကြည့်ပြီး ချိန်ဆ ဆောင်ရွက်သင့် ဟု ဆို

မူဆယ်ရှိ နယ်စပ်ဂိတ်တစ်ခုကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နယ်စပ် ကုန်သည်များအနေဖြင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အစီအစဉ်အရ သီတင်းတစ်ပတ်တာ ယာယီ Lock down ချထားသော ရွှေလီမြို့၏ အခြေအနေများ ကို စောင့်ကြည့်ပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းများအား ချိန်ဆ ဆောင်ရွက်သင့်သည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ဖြေကြား ခဲ့သည်။

“လက်ရှိမှာ မြန်မာဘက်က ဆန်တို့ သကြားတို့ ရေထွက် ပစ္စည်းတို့သွားနေတယ်၊ ရွှေလီမှာ ရှိတဲ့ သွင်းကုန်တွေက မြန်မာဘက် လာလို့ မရဘူး၊ ကျယ်ဂေါင်ရောက်နေတဲ့ သွင်းကုန်လောက်ပဲ လာလို့ ရမယ်၊ အဲဒီတော့ ကုန်သည်တွေအနေနဲ့ အတော့်ကို ချင့်ချိန်ပြီး ဆောင်ရွက်ရမယ့် အနေအထားပါ၊  နောက်တစ်ချက်က ကုန်သည်တွေ အနေနဲ့ တရုတ်ဘက်က ဝယ်လက်တွေ ပွဲစားတွေကို ကြိုပြီး ချိတ်ဆက်ထားဖို့ လိုတယ်၊ မူဆယ်လို နေရာမျိုးမှာ ကုန်တွေ ဘယ်လောက်အထိ ထားနိုင်မလဲ ဆိုတာကိုလည်း ချင့်ချိန်ပြီး လုပ်ရမယ့် အနေအထားပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် COVID-19 ရောဂါပိုး ရှိသူ သုံဦး တွေ့ရှိ အပြီး တရုတ်အာဏာပိုင်များက ရွှေလီမြို့အဝင် အထွက်အား စက်တင်ဘာ ၁၄ ရက် ညပိုင်းမှ စတင် ပိတ်ဆို့ကာ ၁၅ ရက်နေ့တွင် ရွှေလီမြို့အား သီတင်း တစ်ပတ် ယာယီ  Lockdown ချလိုက်သည့် အတွက် နယ်စပ် ပို့ကုန် သွင်းကုန်များတုံ့ဆိုင်းလျက်ရှိကြောင်း၊ ရွှေလီ၌ ရှိသည့် မြန်မာနိုင်ငံဘက်သို့ ပို့ကုန်ပစ္စည်းများ ကျယ်ဂေါင်ဘက်ကို မလာနိုင်ခြင်း၊ ကျယ်ဂေါင်သို့ ရောက်နေသည့် မြန်မာ ကုန်စည်များလည်း ရွှေလီသို့ မဝင်နိုင်ခြင်းကြောင့် ပို့ကုန်ရော သွင်းကုန်ပါ သိသိသာသာ လျော့ကျ သွားနိုင်ကြောင်း၊ ကျန်းမာရေး ကိစ္စ ဖြစ်သောကြောင့် အစိုးရချင်း ညှိနှိုင်းရေးမှာ မဖြစ်နိုင်ကြောင်း၊ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာကြရမည် ဖြစ်ကြောင်း လည်း ဒုတိယ အတွင်းဝန်က ရှင်းလင်း ဖြေကြားခဲ့သည်။

မူဆယ်မြို့ရှိ နယ်စပ် ကုန်စည် လုပ်ငန်းရှင် တစ်ဦး ဖြစ်သော ဦးထွန်းဦးက “ကုန်သည်တွေအနေနဲ့ ဒီ Lock down ကို စောင့်ကြည့်စေချင်တယ်၊ တစ်ပတ်အတွင်းပြီးသွားရင် ကိစ္စမရှိပေမယ့် extension ထပ်လုပ်ရင် ကုန်စည်တွေ ပျက်စီး ဆုံးရှုံးနိုင်တယ်၊ ကားသမားနဲ့ ကုန်သည်နဲ့ စကားပြောလာရတာ တွေ ရှိမယ်၊ ဒါကြောင့် ရွှေလီ အနေအထားပေါ်ကို ကြည့်ပြီးတော့ ချိန်ဆ လုပ်ဆောင်သင့်တယ်” ဟု ဆင်ဟွာသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။  

ရွှေလီမြို့ကို Lock Down လုပ်ထားသော်လည်း ကျယ်ဂေါင် မပါသဖြင့် ပို့ကုန်များကို ကျယ်ဂေါင်ထဲ အထိ ပို့၍ ရကြောင်း၊ ကျယ်ဂေါင်ထဲမှ ကုန်များလည်း မူဆယ်ဘက်သို့ ဝင်နိုင်ကြောင်း၊ အခုအချိန် အထိ နှစ်ဘက်စလုံးမှ ကုန်ကားများ အဝင်အထွက်ရှိနေဆဲ ဖြစ်ကြောင်း၊  ထပ်တိုးလာပါက ကျယ်ဂေါင်ရှိ ဂိုဒေါင်များတွင် ကုန်စည်များ ပြည့်သွားနိုင်ကြောင်း၊  လက်ရှိ၌ မူဆယ် ၁၀၅ မိုင်တွင် ကုန်ကား နှစ်ထောင်ကျော် သုံးထောင်ခန့်ရှိနေသဖြင့် lock down ကာလ ထပ်တိုးပြီး ကျယ်ဂေါင်က ဂိုဒေါင်များ ပြည့်သွားပါက ကုန်များကို ကားပေါ်မှာ ထားရသည့်အခါ ကားသမားနှင့် ကုန်သည်တို့ စကားပြော လာရ မည် ဖြစ်ကြောင်း၊ ပုပ်သိုးနိုင်သော ကုန်များလည်း ပျက်စီး ဆုံးရှုံးနိုင်ကြောင်း၊ ယခုရက်ပိုင်း၌ ဆန်၊ ပြည်တွင်းထွက် သကြားနှင့် ပဲမျိုးစုံ အသွားများပြီး ရေထွက်ပစ္စည်းလည်း အနည်းငယ် ပါဝင်ကြောင်း မူဆယ်-နမ့်ခန်း ကုန်စည်ဒိုင် သတင်းများအရ သိရသည်။ (Xinhua)