Connect with us

MYANMAR

COVID-19 ကာလအတွင်း YBS စီးနင်းမှု အများဆုံးဖြစ်သော ၁၂ သိန်းကျော်မှ ၄ သိန်းကျော် အထိ ၃ ပုံ ၂ ပုံ ခန့် လျော့နည်းသွား

နှာခေါင်းစည်းဖြင့် YBS စီးနင်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါတွေ့ရှိမှုများလာခြင်းကြောင့်လည်းကောင်း ၊ မြို့နယ်အချို့ တွင် Stay at Home အစီအစဉ် ဆောင်ရွက်ခြင်းတို့ကြောင်းလည်းကောင်း COVID-19 ကာလအတွင်း YBS စီးနင်းမှုအများဆုံးဖြစ်သော ၁၂ သိန်းကျော်မှ ၄ သိန်းကျော် အထိ ၃ ပုံ ၂ ပုံ ခန့် လျော့နည်းသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဦးလှအောင်က ဆင်ဟွာသို့ စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။

“COVID-19ကာလ ပထမလှိုင်း အေးသွားတဲ့အချိန် သြဂုတ် ၂၁ ရက် မှာ ၁၂ သိန်းကျော်အထိ  အများဆုံးYBS စီးနင်းခဲ့တဲ့ မှတ်တမ်းရှိတယ်။ အဲဒါ နဲ့ ယှဉ်ရင်တော့ ၃ ပုံ ၂ ပုံလောက် စီးနင်းသူ လျော့သွားတယ်။ ဒီရက်ပိုင်းမှာ စီးနင်းသူတွေ ကနေ့တိုင်းလျော့နေပါတယ်’’ ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 တုံ့ပြန်ရေးကော်မတီ များ၏ ညွှန်ကြားချက်များ နှင့် အညီ  COVID-19 ကာကွယ်တားဆီးရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ထို့ပြင် စက်တင်ဘာ ၁၁ ရက်တွင် “Mask မတပ်လျှင် ဘတ်စ်ကားစီးနင်းခွင့်မပြုပါ” စတေကာများ YBS ဘတ်စ်ကားများတွင် စတင်ကပ်၍ဆောင်ရွက်လျက်ရှိသည့်အပြင်၊ YBS ယာဉ်လိုင်းတွင်ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် မော်တော်ယာဉ်တွင် ကြော်ငြာကပ်ခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် နှင့် လိုက်နာခြင်းမရှိပါက YRTA မှထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTA မှ သိရသည်။ စက်တင်ဘာ ၁၆ ရက်တွင်  YBS ပြေးဆွဲလမ်းကြောင်း (၁၂၆) လိုင်းမှ မော်တော်ယာဉ်စီးရေ (၂,၄၅၁) စီးဖြင့် ခရီးသည် (၄၅၈,၂၀၀) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  (Xinhua)