Connect with us

MYANMAR

COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ရောဂါပိုးကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်း ၁၄ ဦးထိ ရှိလာ 

ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများ အနက် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း အရေအတွက် ၁၄ ဦး ထိရှိလာခဲ့ကြောင်း ၊  ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ အပြည့်အဝ ဆောင်ရွက်ပေးထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။ 

COVID-19 ရောဂါပိုး ကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်း ၁၄ ဦးတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်း ခြောက်ဦး နှင့် ပြင်ပမှ ရှစ်ဦး ပါဝင်ပြီး ဆရာဝန် ၊ သူနာပြု ၊ သူနာပြုအကူ နှင့် ကျန်းမာရေးမှူးများဖြစ်ကြောင်း သိရသည်။ 

COVID-19 ဓာတ်ခွဲနမှုနာ ရယူရန် ပြင်ဆင်နေသော ကျန်းမာရေး ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

“အဓိကတော့ ကိုယ့်မိသားစုထဲက ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့က ပိုပြီးတော့ ဂရုစိုက်ရတာပေါ့။ ကျန်းမာရေး ဝန်ထမ်းက ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့။ သူတို့ကို ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာရော ကုသပေးတဲ့ အဖွဲ့တွေရောပေါ့။ဝန်ကြီးဌာန အနေနဲ့လည်း လေးစားဂုဏ်ပြုတယ်ပေါ့။တကယ့်ကို နိုင်ငံတော်ရဲ့ အမြင့်ဆုံးပေါ့။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ယနေ့ ဇွန်၄ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

” ပြင်ပ ဆရာဝန် နှစ်ဦး ၊ ပြင်ပ သူနာပြု တစ်ဦး ၊ ပြင်ပ သူနာပြုအကူ ၅ ဦးပေါ့။ သူနာပြုအကူတွေက ဆေးရုံမှာ ကူးတာထက် စာရင် တစ်ဆောင်ထဲ နေလို့ ကူးတာတွေလေ။ အတွင်းကြတော့ ဆရာဝန် နှစ်ဦး ၊ သူနာပြု ၃ ဦး ၊ ကျန်းမာရေးမှူး ၁ ဦးပါ။ အဲဒီတော့ အတွင်းက ခြောက်ဦး ၊ အပြင်က ရှစ်ဦးပေါ့။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ရှင်းပြသည်။ 

ယခုအခါတွင် ရောဂါပိုးကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်းများအနက် တစ်ချို့မှာ ပြန်လည်သက်သာကောင်းမွန်လာပြီး တစ်ချို့မှာ ပိုးကင်းစင်၍ ဆေးရုံမှ ဆင်းရန် စောင့်ဆိုင်းနေကြကြောင်းနှင့် အားလုံးမှာ အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 

“ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာရော အပြည့်အဝ အထောက်အပံ့ ပေးထားတယ်။ တကယ့်ကို ထောက်ပံ့တာလဲ ဟိုးအမြင့်ဆုံးပေါ့။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အဆင့်ကနေပြီးတော့ လုပ်ဖော်ကိုင်ဘက် ကျန်းမာရေး ဝန်ထမ်းတွေ ၊ နောက်ပြီး အဓိကတော့ ပြည်သူတွေပေါ့ဗျာ။ ပြည်သူတွေဆိုရင် လက်ခုတ်တီးတဲ့ လှုပ်ရှားမှုတွေတို့ အနုပညာရှင်တွေဆိုရင်လဲ ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ သီချင်းတွေပေါ့။ ဒါက အားလုံး မြင်ကြတဲ့ အတိုင်းပါပဲ။ နောက်ပြီး ဝန်ကြီးဌာနကဆိုရင်လည်း လေးစား ဂုဏ်ပြုထိုက်သူများ ဆိုပြီး Video တွေ ထုတ်ပြန်တာတို့ ၊ ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင် ပြောတဲ့ မိန့်ခွန်းတွေရော ၊ အခမ်းအနားတွေမှာရော အမြဲတမ်း အလေးအနက်ထားပြီးတော့ ဒါတွေက စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာပေါ့။ တစ်ဖက်ကလည်း ဆေးရုံ ၊ ဆေးခန်းတွေမှာ ဆေးဝါးက အစ ၊ ကုသရေးက အစ အထူး ဂရုစိုက်ပါတယ်။”၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးအား မတ် ၂၃ ရက်တွင် စတင်စစ်ဆေးတွေ့ရှိချိန်မှစ၍ ယခုထိ နှစ်လကျော်ကာလအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း ၂၃၄ ဦး ရှိခဲ့ကြောင်း နှင့် ယင်းတို့အနက် ပြန်လည်သက်သာလာသူ ၁၄၅ ဦးထိ ရှိလာပြီး ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)