Connect with us

MYANMAR

မမှန်ကန် ၊ အခြေအမြစ်မရှိသော သတင်းအချက်အလက် ပြောဆိုရေးသားဖြန့်ချိခြင်းများ ပြုလုပ်ခြင်းက ရွေးကောက်ပွဲဥပဒေ ပြဌာန်းချက်နှင့် ငြိစွန်းကြောင်း ကော်မရှင် အသိပေး

ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသော သတင်းအချက်အလက်များကို ပြောဆို၊ ရေးသား၊ ဖြန့်ချိခြင်းများ ပြုလုပ်ခြင်းသည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန် ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ လုပ်ဆောင်ရာရောက်သည့်အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ ( ဃ ) တွင် ပြဌာန်းထားချက် နှင့် ငြိစွန်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

အချို့သောနိုင်ငံရေးပါတီများနှင့် အချို့သောနိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ကြိုတင်ဆန္ဒမဲများရယူခြင်းကိစ္စနှင့်စပ်လျဉ်း၍ တွေ့ကြုံနေရသည်ဟု ဆိုကာ သတင်းအချက်အလက်များကို ပြောကြားခြင်း၊ ရေးသားထုတ်ဝေခြင်း၊ Online မှတစ်ဆင့် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ပြောကြား ထုတ်လွှင့်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ၊ ထိုသို့ ပြောဆို၊ ရေးသား ထုတ်လွှင့်လျက်ရှိသော သတင်းအချက်လက်များတွင် မှန်သော
သတင်းအချက်အလက်များ ပါရှိသကဲ့သို့ မဟုတ်မမှန်သော သတင်းအချက်အလက်များ၊ ချဲ့ထားသော သတင်းအချက်အလက်များ၊ မှန်ကန်သော အချက်အလက်များကို ဖုံးကွယ်၍ မဲဆန္ဒရှင်ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေသည့် သတင်းအချက်များ၊ ကိုယ်တိုင် တိုက်ရိုက်သိရှိခြင်းမရှိဘဲ ထပ်ဆင့်ကြားသိရချက်အပေါ် အခြေပြုထားသော သတင်းအချက်အလက်များ ပါဝင်နေသည်ကို တွေ့ရှိနေရကြောင်း ကော်မရှင်၏ ထုတ်ပြန်မှုတွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ရှိ မဲဆန္ဒရှင်များထံမှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲများ ရယူလျက်ရှိကြောင်း ၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် တွေ့ကြုံလာရသော အခက်အခဲများ၊ အဆင်မပြေမှုများကို သက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများက အပြုသဘောဆောင်၍ မှန်ကန်စွာ ပူးပေါင်းညှိနှိုင်း ဖြေရှင်းပေးနေကြသည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။

တစ်ဆက်တည်းမှာပင် ရွေးကောက်ပွဲကော်မရှင်က ဧရာဝတီတိုင်းဒေသကြီးမှ ကြိုတင်ဆန္ဒမဲနှစ်ကြိမ်ပေးခဲ့သူ တစ်ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးမှ အမှန်ခြစ်တံဆိပ်တုံးအတု ယူဆောင်ပေးအပ်ခဲ့သူ တစ်ဦးတို့အား သက်ဆိုင်ရာက လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါပြဋ္ဌာန်းချက်များနှင့် အညီအမှုဖွင့်အရေးယူထားကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်၍ အသိပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.