Connect with us

MYANMAR

တပ်မတော်က COVID-19  ရောဂါပိုးရှိ/မရှိ တစ်ရက်လျှင်လူ ၁၄၀၀ ဦးခန့် အတည်ပြုစမ်းသပ်ပေးနိုင်သည့် COBAS 6800  စက်များဖြင့် ကူညီစစ်ဆေးပေးရန် စီစဉ်ထား 

COBAS 6800 စက်များဖြင့် စစ်ဆေးမှုများအား ပြုလုပ်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

တပ်မတော်က COVID-19  ရောဂါပိုးရှိ/မရှိ တစ်ရက်လျှင်လူ ၁၄၀၀ ဦးခန့် အတည်ပြုစမ်းသပ်ပေးနိုင်သည့် COBAS 6800  စက်များဖြင့် ကူညီစစ်ဆေးပေးရန် စီစဉ်ထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ ဧပြီ ၂၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံမှုတွင် ရှင်းလင်း ပြောကြားခဲ့သည်။ 

COBAS 6800  စက်များဖြင့် ရန်ကုန် နှင့် နေပြည်တော်တို့၌ စစ်ဆေးပေးသွားမည့် အပြင် ကျိုင်းတုံမြို့၌ စစ်ဆေးနိုင်ရန် တစ်ရက်လျှင် လူဦးရေ နှစ်ရာနီးပါး စစ်ပေးနိုင်သည့် Really Time PCR စက်အား ကျိုင်းတုံ အမှတ် ၃ ကုတင် ၃၀၀ တပ်မတော် ဆေးရုံသို့ မေလတွင် ပို့ဆောင်သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

“အဲဒီစက်နဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်တဲ့စက်တွေကို ရန်ကုန် ၊ နေပြည်တော် လောက်တင်မကပဲနဲ့ ရောဂါကူးစက်နိုင်မှုကို စစ်ဆေးနိုင်ဖို့ ရှေ့အထိ ပို့ဖို့ နယ်စပ်နေရာတွေ အထိပေါ့။ နယ်စပ်မြို့တွေအထိ ပို့နိုင်ဖို့ အတွက် လုပ်ဆောင်ပေးဖို့ဆိုပြီး ပြောခဲ့တာတွေ ရှိပါတယ်။”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မီဒီယာများနှင့် တွေ့ဆုံမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

COBAS 6800 စက်များဖြင့် COVID-19  ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် လိုအပ်သည့် Reagent  များအား မှာယူခဲ့ရာ ယခုအခါ ရောက်ရှိလာပြီ ဖြစ်ကြောင်း ၊ COVID-19  ရောဂါပိုးစစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပညာရှင်များပူးပေါင်း၍ စက်ပိုင်းဆိုင်ရာ လိုအပ်သည့် Installation နှင့်ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြပြီးနောက် ဧပြီ ၂၃ ရက်တွင် စမ်းသပ်စစ်ဆေးမှုများ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ကြောင်း ၊ ယခုအခါ အဆိုပါ စက်များမှာ COVID-19 ရောဂါပိုး စမ်းသပ်စစ်ဆေးအတည်ပြုပေးမှုများ ပြုလုပ်ပေးရန် အသင့်ရှိပြီဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

တပ်မတော်အနေဖြင့် ရောဂါပိုးအမျိုးမျိုးအား အတည်ပြု စမ်းသပ်စစ်ဆေး နိုင်ရန်အတွက် အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)၊ ရန်ကုန်နှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တို့တွင် COBAS 6800 စက် ၁ လုံးစီကို ၂၀၁၉ ခု နှစ်က ပင်တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

“အမှန်တကယ်ကတော့ ဒီစက်ဟာ ၂၀၁၉ ခုနှစ်ထဲက တပ်မတော်မှာ ရှိတယ်။ ဒါပေမယ့် အဲဒီစက်က COVID-19 ရောဂါ အတွက် မဟုတ်ဘူး ။ အဲဒီစက်က ဘာလုပ်တဲ့စက်လဲ ဆိုတော့ အဲဒီစက်က သွေးလှူတဲ့လူတွေကို HIV တို့ အသည်းရောင်အသားဝါ အေ ၊ ဘီ ၊ စီ ၊ အီး တို့ အဲဒါတွေ ရောဂါကင်းရှင်းမရှင်း စစ်တဲ့ စက်ကြီး ဖြစ်ပါတယ်။သန့်ရှင်းတဲ့ သွေးရရှိဖို့အတွက် ဆောင်ရွက်တဲ့ စက်ဖြစ်ပါတယ်။ အဲဒီစက်က ဘာရောဂါတွေ စစ်နိုင်လဲ ဆိုတော့ HIV ၊ အသည်းရောင် ဘီ ၊ စီ ၊ အသည်းရောင် အေ ၊ အီး ၊ သွေးလွန်တုပ်ကွေးတို့ ၊ ဆင်တုပ်ကွေးတို့ ၊ TB ၊ ဆေးယဉ်ပါး TB တို့ စစ်တာပါ။”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် အလားတူ COBAS 6800 စက် တစ်လုံးအား AA Medical Products Ltd( Pacific- AA Foundation) က လှူဒါန်း ရရှိထားပြီးဖြစ်၍ ရန်ကုန်တွင် Installation လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသဖြင့် အဆိုပါလုပ်ငန်းများ မပြီးစီးမီနှင့်ပြီးစီးပြီးနောက်ပိုင်း လိုအပ်ပါက ရန်ကုန်နှင့်နေပြည်တော်တွင် တပ်မတော်ဆေးရုံများရှိ COBAS 6800 စက်များဖြင့် COVID-19 ရောဂါပိုးအတည်ပြုစမ်းသပ်စစ်ဆေးမှုများအား တပ်မတော်မှပူးပေါင်း ကူညီ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှု အရ သိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.