Connect with us

MYANMAR

ရန်ကုန်-မန္တလေးအမြန်ရထား နှင့် စာပို့ရထားတစ်ချို့ ယာယီရပ်နား

မြို့ပတ်ရထားစီးရန်စောင့်ဆိုင်းနေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး ခရီးစဉ်ပြေးဆွဲနေသော အမှတ် (၃) အဆန်၊ အမှတ် (၄) အစုန် အမြန်ရထား နှင့် ကြည့်မြင်တိုင်-ပြည် ခရီးစဉ်ပြေးဆွဲနေသော အမှတ် (၆၃) အဆန်၊ အမှတ် (၆၄) အစုန် စာပို့ရထားများအား စက်တင်ဘာ ၂၅ ရက်မှ စတင်၍ယာယီရပ်နားထားကြောင်း သိရသည်။

မြန်မာ့မီးရထား တိုင်း အမှတ် (၇) မှ အထွေထွေမန်နေဂျာ ဦးဇော်လွင် က “အဲ့ဒီရထား   တွေကို မနေ့ကစပြီးယာယီရပ်နားလိုက်ပါတယ်။ နောက်ပြီး ရန်ကုန်ဘူတာကြီးကနေ ပြေးဆွဲပေးတဲ့ ခရီးဝေးအားလုံး ကိုလည်း ရပ်နားလိုက်ပါပြီ။ မြို့ပတ်ရထားကလည်း ရုံးချိန်ပြေးတဲ့ ရထားပဲပြေးဆွဲပေးပါတော့တယ်’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင်ပြောသည်။

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းအမှတ် (၄၁) အဆန်၊ အမှတ် (၄၂)အစုန် လူစီးရထား၊ နေပြည်တော်-ချောက်လမ်းပိုင်း အမှတ် (၁၀၁) အဆန်၊ အမှတ် (၁၀၂) အစုန် လူစီးရထား၊ ပုသိမ်-ကြံခင်းလမ်းပိုင်း အမှတ် (၁၃၁) အဆန်၊ အမှတ် (၁၃၂) အစုန် လူစီးရထားတို့ကိုသာ ဆက်လက်ပြေးဆွဲပေးလျက်ရှိကြောင်း ဆိုသည်။

ရန်ကုန်မြို့ပတ်လမ်းပိုင်းနှင့် မြန်မာနိုင်ငံအနှံ့ပြေးဆွဲပေးလျက်ရှိသော ရထားလမ်းပိုင်းများတွင် မဖြစ်မနေပြေးဆွဲပေးရန် လိုအပ်သည့် ရထားများကိုသာ ပြေးဆွဲပေးလျက်ရှိကြောင်း၊ မြန်မာ့မီးရထားအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ၏ လမ်းညွှန်ချက်များ နှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)