Connect with us

MYANMAR

လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ပိုမိုသတိရှိရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းအားပြောကြားစဉ် (ဓာတ်ပုံ-- Myanmar State Counsellor Office)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ပိုမို သတိရှိ လိုအပ်ကြောင်းနှင့်  အားလုံးလက်တွဲပြီးဆောင်ရွက်သွားပါက မြန်မြန်ဆန်ဆန်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညတွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။

“သေဆုံးမှုနှုန်းက သိပ်အများကြီး မြင့်တက်လာတာတော့ မဟုတ်ပါဘူး။ နောက်ပြီးတော့ စမ်းသပ်တဲ့သူတွေ များပြီးတော့၊ ရောဂါကူးတဲ့သူတွေများတဲ့ အခါကျတော့ အဲဒီလောက်မြင့်တက်လာပြီဆိုတာလည်း သိပ်ပြီးတော့ အံ့ဩစရာမဟုတ်ပါဘူး။ သို့သော်ငြားလည်း စိုးရိမ်သင့်သလောက်တော့ စိုးရိမ်ပါ။ သတိတော့ရှိပါ။ စိုးရိမ်မလွန်ပါနဲ့။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် နှာခေါင်းစည်းတပ်ခြင်း၊ လူများနှင့် ထိတွေ့မှု အားရှောင်ကြဉ်ခြင်းတို့ကို ဆောင်ရွက်ပါက  ရောဂါအား အတော်ကာကွယ်နိုင်ကြောင်း၊ ထို့အတူ လက်ကိုလည်း စနစ်တကျ မှန်မှန်ဆေးမည်ဆိုပါက ရောဂါကာကွယ်ရေး ပိုမိုထိရောက်နိုင်ကြောင်း ဆိုသည်။

“ကျွန်မပြောချင်တာကတော့ တတ်နိုင်သမျှ ရောဂါရှိတာကို စောစောစီးစီး တွေ့နိုင်အောင်လို့ လုပ်လို့ရှိရင် ပိုပြီးတော့ ကုသမှုမှာ ထိရောက်နိုင်ပါတယ်။ အခုကျွန်မတို့ ဘာတွေ့ရလဲဆိုတော့ တချို့တွေက ရောဂါဖြစ်တယ်လို့ထင်ရင် အိမ်မှာကိုယ့်ဘာကို ကုဖို့ကြိုးစားကြတဲ့သူတွေ ရှိတယ်ဆိုတာကို ကျွန်မတို့ တွေ့ရပါတယ်။ အိမ်မှာဆေးမြီးတိုလေးနဲ့ ကုလို့မရတဲ့အခါကျမှ ဆေးရုံကို သွားတာမျိုး တွေရှိပါတယ်။ အဲဒါဆိုရင် သိပ်ပြီးတော့နောက်ကျသွားပါတယ်။ ထိထိရောက်ရောက် ကုသပေးဖို့ဟာ နောက်ကျသွားပါတယ်။ ဒါကြောင့်မို့  အရေးကြီးတာက စောစောစီးစီးကုသမှု ခံယူဖို့ပဲ ဖြစ်ပါတယ်။’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအားတိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် အထူးကုဆေးရုံများတွင် လူနာတွေများပြီး ဆေးရုံ များအနေဖြင့် လုံလုံလောက်လောက်စစ်ဆေးရေးလုပ်ရန် ခက်လာကြောင်း၊ သို့ဖြစ်ပါ၍  ပြည်သူ များအနေဖြင့်  ခရိုင်၊ မြို့နယ်ဆေးရုံ များသို့သွားရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် အစိုးရအနေဖြင့် Fever clinic များအား မည်မျှ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုပ်နိုင်မည်ဆိုသည်ကို လုပ်အားအခြေအနေတွေပေါ်ကြည့်ပြီး ဆောင်ရွက်နေကြောင်း၊ ခရိုင်နှင့် မြို့နယ်ဆေးရုံများတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် မြန်မာနိုင်ငံ အထွေထွေရောဂါကုဆရာဝန်များ အဖွဲ့မှ ဝိုင်းဝန်း၍ တတ်နိုင်သမျှ ကူညီရန် မေတ္တာရပ်ခံကြောင်းနှင့် သမားတော်ကြီးများနှင့် ကျန်းမာရေးဝန်ကြီးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် လာမည့်အပတ်မှ စတင်၍  တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ COVID အကြောင်း သိကောင်းစရာ အမေးအဖြေ ကဏ္ဍကို ပြည်သူများစိုးရိမ်ကြောင့်ကျမှုကျဆင်းစေရန်ရည်ရွယ်၍ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင်လည်း နိုင်ငံတော်အနေဖြင့် နည်းလမ်းပေါင်းစုံကြိုးစားလျက်ရှိကြောင်း ၊ စီးပွားရေးကျဆင်းမသွားစေရေး အတွက်လည်း အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် ဘဏ္ဍာငွေပြည့်စုံလုံလောက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ကျပ် ၁၀၄၇ ဒဿမ ၆၃၉ ဘီလီယံကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ လွှဲပြောင်းထည့်သွင်းပြီး သုံးစွဲသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၄ ခုရှိ မြို့နယ် (၁၁) မြို့နယ်အတွက် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ကြေညာခဲ့သည်။ အဆိုပါအစီအစဉ်တွင် အကျုံးဝင်သောဒေသများမှာ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ကဝမြို့နယ်၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်  တို့ဖြစ်ကြောင်းသိရသည်။

ထို့ပြင် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်း ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလကို အောက်တိုဘာ ၃၁ ရက် မြန်မာစံတော်ချိန် (၂၃:၅၉) နာရီ အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ (Xinhua)