Connect with us

MYANMAR

အခြေအနေကောင်းလာသည်နှင့်အမျှ ဖြေလျှော့ပေးနိုင်သော ကိစ္စများ အားလုံး ဖြေလျှော့ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

အခြေအနေကောင်းလာသည်နှင့်အမျှ ဖြေလျှော့ပေးနိုင်သော ကိစ္စများ အားလုံး ဖြေလျှော့ပေးမည် ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နိုဝင်ဘာ ၂၃ ရက်တွင် ပြည်သူများသို့ အစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်မတို့လည်း ဖြေလျှော့ပေးဖို့လည်း အများကြီး ကြိုးစားနေပါတယ်။ဒီတော့ အခြေအနေတွေ နည်းနည်း ထိန်းလို့ ရလာတာနဲ့အမျှ ပြန်ပြီးတော့ ဖြေလျှော့ ပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေရဲ့ စိတ်ဖိစီးမှုတွေလည်း သက်သာအောင်လို့၊ နောက်စီးပွားရေးလည်း ပြန်ပြီး လည်ပတ်အောင်လို့ပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်တော်များများနဲ့စာရင် ကျွန်မတို့နိုင်ငံမှာ အခြေအနေကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တယ်လို့ ကျွန်မ ဒီလိုမြင်ပါတယ်။ ဒီလို ထိန်းထားနိုင်ခြင်းရဲ့ အဓိကအကြောင်းအရင်းကလည်း ပြည်သူကိုယ်တိုင် ပါဝင်လို့ပါပဲ။”ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ အမြန်ဆုံး အခြေအနေကောင်းလာအောင် ကြိုးစားမည် ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့အနေနဲ့ ဖြေလျှော့ပေးနိုင်တာကို ဖြေလျှော့ပေးနိုင်တယ်။ စီးပွားရေးကြောင့်ရော၊ ပြည်သူလူထုတွေရဲ့ စိတ်ဖိစီးမှု သက်သာဖို့အတွက်ရော၊ အဲဒီတော့ သွားရေးလာရေးပေါ့။ သွားရေးလာရေး၊ စီးပွားရေးလုပ်ဖို့၊ လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပေါ်ပေါက်ရေး၊ ဒါတွေကို အထူးဂရုစိုက်ပြီးတော့ အမြန်ဆုံးအခြေအနေကောင်းလာအောင်လို့ ကြိုးစားပါ့မယ်။ နောက်တစ်ခုကလည်း မကြာမီဆိုရင် ခရစ္စမတ်ကာလ၊ နှစ်သစ်ကူးကာလ ရောက်ပါ တော့မယ်။ အဲဒါတွေနဲ့ပတ်သက်လို့ အထူးအစီအစဉ်တွေအနေနဲ့ နိုင်ငံတော်ကနေပြီးတော့ ဘာတွေလုပ်မလဲဆိုတာကိုလည်း ပြည်သူတွေသိအောင်လို့ မှန်မှန် ကျွန်မတို့ ပြောသွားမှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အေးလာသည်နှင့်အမျှ COVID-19 ရောဂါလည်း နည်းနည်း ပြန့်ချင်သလိုလို ရှိကြောင်း ၊ အေးလာသည့် ဒေသများတွင် ဆိုပါက အထူးဂရုစိုက်ကြရန် ၊ သက်ကြီးရွယ်အိုများ ၊ ရောဂါအခံရှိသူများ အားလုံး ဂရုစိုက်ကြရန် မေတ္တာရပ်ခံခဲ့သည်။

နိုင်ငံအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာအား မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၃၇,၄၅၀ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၈၀,၅၀၅ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၅၉,၈၈၈ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၇၆၅ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)