Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 လူနာပေါင်း ရှစ်သောင်းကျော်ရှိလာ

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၂၅၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လူနာ စုစုပေါင်း ၈၀,၅၀၅ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညသတင်း ထုတ်ပြန်ခဲ့သည်။

၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၂၁၂ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၁,၂၅၉ ဦး တွေ့ရှိကာ ဆေးရုံဆင်းခွင့် ရရှိသူ ၁,၁၃၀ ဦး နှင့် သေဆုံးလူနာ ၂၆ ဦး ရှိခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာအား မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၃၇,၄၅၀ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၈၀,၅၀၅ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၅၉,၈၈၈ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၇၆၅ ဦး ရှိလာခဲ့ကြောင်း သိရသည်။

သုတေသန တွေ့ရှိချက်များအရ ယခုတစ်ကျော့ပြန် ဖြစ်ပွားသော COVID-19 ဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ကူးစက်မှုနှုန်း ယခင်ထက် ၁၀ ဆခန့်အထိ ပိုမိုလျင်မြန်သည်ကို တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက COVID-19 ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်ရန် မြို့နယ်/ရပ်ကွက်/ကျေးရွာအတွင်းတွင် အိမ်ဆိုင်များ နှင့် လမ်းဘေးဈေးဆိုင်များ တိကျစွာ လိုက်နာရမည့် သတိပြုရန် အချက်များတွင် ထည့်သွင်းဖော်ပြခဲ့သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိသောသူများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသဘဲ သာမန်အတိုင်း နေကောင်းကျန်းမာစွာ ရှိနေသဖြင့် ဆိုင်သို့ လာရောက်သူတိုင်းတွင် ပိုးရှိနေနိုင်သည်ကို သတိပြုရန်လည်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ “နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ် (Stay at home)” တွင် အကြုံးဝင်သော မြို့နယ်များ နှင့် ရောဂါဖြစ်ပွားမှုများသောမြို့နယ်များတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများသည် လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ “COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး မျက်နှာနှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)” ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117