Connect with us

MYANMAR

အစိုးရက ရခိုင် နှင့် ချင်းပြည်နယ်များ အတွင်း သေဆုံး/ဒဏ်ရာ ရရှိခဲ့သော အရပ်သားများ ၊ ယင်းတို့၏ မိသားစုဝင်များ အတွက် လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးမည် 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ထုတ်ပြန်မှုအား တွေ့ရစဉ်(ဓာတ်ပုံ - myanmar state counsellor office)

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) 

ရခိုင် ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အရပ်သားများ သေဆုံး/ဒဏ်ရာ ရရှိမှု ဖြစ်စဉ်များ ကြားသိရသည့် အတွက် များစွာ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း ၊ ယင်းသို့ သေဆုံး/ဒဏ်ရာ ရရှိခဲ့သော အရပ်သားများ ၊ ယင်းတို့၏ မိသားစုဝင်များ အတွက်လည်း နိုင်ငံတော် အစိုး အနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  သတင်း ထုတ်ပြန်ချက်တွင် COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသနိုင်ရေး အတွက် နိုင်ငံ တစ်ဝှမ်းလုံးရှိ အစိုးရ ၊ ပြည်သူ ၊ စေတနာ့ ဝန်ထမ်းများက အလေးထား ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက် အုပ်စုက ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် အတွင်း အဖျက် ၊ အမှောင့် လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိ ၊ စစ်သည်များ အားလုံးကို အသိအမှတ်ပြု ၊ ချီးကျူး ဂုဏ်ပြုကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ 

လက်နက်ကိုင် ပဋိပက္ခကြောင့် ဆင်းရဲဒုက္ခ တွေ့ကြုံနေရသည့် ဖြစ်ရပ်များမှ မိမိတို့ ပြည်သူများ ကင်းဝေး နိုင်စေရန် အတွက် နိုင်ငံတော် အစိုးရက ကြိုးပမ်းဆောင်ရွက်လျက် ရှိသော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

ယင်းထုတ်ပြန်မှုတွင် စားနပ်ရိက္ခာပြတ်လပ်၍အတိဒုက္ခရောက်လျက်ရှိသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှပြည်သူများအတွက် ရိက္ခာဆန်များကို ဧပြီ ၁၉ ရက် ၊ နေ့လည်ပိုင်းတွင် ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းကြားသိရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ဖော်ပြထားသည်။ 

ထို့အတူ ချင်းပြည်နယ်ပလက်မြို့အတွင်းတည်ငြိမ်အေးချမ်းပြီး လုံခြုံရေးအခြေအနေများ ပြန်လည် ကောင်းမွန်လာချိန်တွင် ဒေသခံ ပြည်သူများ အတွက် စားဝတ်နေရေး နှင့် ရေရှည် ဖွံ့ဖြိုးရေး အတွက် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လည်း စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားသည် ။ (Xinhua)