Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁၄၆ ဦးရှိ ၊ ရောဂါပိုးကင်းစင်သူ ၁၀ ဦး ထိရှိလာ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုးသတ်ဆေးဖြန်းနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ ယနေ့ ဧပြီ ၂၆ ရက်အထိCOVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦးအား တွေ့ရှိခဲ့ပြီး ယင်းဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သွားသူ ၁၀ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။ 

COVID ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှု အခြေအနေများအား ယနေ့ နံနက်ပိုင်း ထုတ်ပြန်မှုတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့တို့တွင် နေထိုင်ခဲ့သော အမျိုးသား နှစ်ဦးထံတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

ယင်းဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးအနက် စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့တွင် နေထိုင်သော အသက် ၄၈ နှစ် အရွယ်အမျိုးသား တစ်ဦးမှာ ပြည်ပသို့ ခရီးသွား ရာဇဝင် ရှိသူ ဖြစ်ပြီး COVID-19 ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာသစ် နှစ်ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများအနက် ဝေဘာဂီအထူး ကုဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှု ခံယူလျက်ရှိသူ (၂)ဦးနှင့် တောင်ဥက္ကလာပအထူးကု ဆေးရုံတွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသူ (၁)ဦးရှိကာ ကျန်လူနာများ၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း ဧပြီ ၂၅ ရက်တွင် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်မှ ဧပြီ ၂၆ ရက် အထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦးအနက် သေဆုံးသူ ၅ ဦး ရှိကြောင်း သိရသည်။(Xinhua)