Connect with us

MYANMAR

အမျိုးသား အဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ (National Volunteer Steering Unit) ဖွဲ့စည်း တာဝန်ပေး

ရန်ကုန်မြို့၌ စေတနာ့ဝန်ထမ်း အဖွဲ့ဝင်များ ပိုးသတ်ဆေး ဖြန်းနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အမျိုးသား အဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင် အဖွဲ့(National Volunteer Steering Unit) ကို နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော်  အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော် သတင်း ထောက်များ အဖွဲ့အား ဧပြီ ၂၅ ရက် ညဉ့်ဦးပိုင်း၌ ဖြေကြားခဲ့သည်။

“အခု အဖွဲ့အစည်းက နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွဲ့စည်းမယ့် National Volunteer Corps အဖွဲ့အစည်း အားလုံးရဲ့ အပေါ်က ဦးဆောင်သွားမယ့် အဖွဲ့အစည်းဖြစ်ပါတယ်၊ National Volunteer Corps တွေကိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေက ဆက်ပြီး ဖွဲ့စည်းရမှာပါ” ဟု ဆင်ဟွာသတင်းဌာနသို့  ၎င်းက ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ယခု ဖွဲ့စည်းလိုက်သည့် ဦးဆောင်အဖွဲ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဥက္ကဌ အဖြစ် လည်းကောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော် ကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့အားလုံး၏ ဝန်ကြီးချုပ်များ၊ ပြည် ထောင်စု အစိုးရ အဖွဲ့ရုံး အမြဲတမ်း အတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့က အဖွဲ့ဝင်များ အဖြစ်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အတွင်းရေးမှူး အဖြစ်လည်း ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ၎င်းဌာနမှ တာဝန်ပေးအပ်သူ တစ်ဦးတို့က တွဲဖက် အတွင်းရေးမှူး (၁) နှင့် (၂) အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား အဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင် အဖွဲ့အား COVID-19 ရောဂါ အရေးပေါ် တုံ့ပြန် နိုင်ရေး နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့် အညီ ဆောင်ရွက်နိုင် ရန် မိမိ၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ် စသည်များကို အခကြေးငွေ မယူဘဲ အသင်း အဖွဲ့တစ်ခု၊ လုပ်ငန်းစဉ် တစ်ရပ်၊ လိုအပ်သည့် အခြေအနေ တစ်ရပ်ရပ်တွင် အချိန်ပိုင်း ဖြစ်စေ၊ သတ်မှတ် တာဝန်ပိုင်းအရ ဖြစ်စေ၊ အမြဲတမ်း ဖြစ်စေ မိမိ၏ ဆန္ဒအရ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်သော စေတနာ့ ဝန်ထမ်း Volunteer များကို စနစ်တကျ လေ့ကျင့် ပါဝင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)