Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၆၁ ဦးရှိ

ရန်ကုန်မြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမ + ဒုတိယအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၅၂) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၁၉) ခု၊ စုစုပေါင်း (၂၇၁) ခုတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅) ဦးနှင့် နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) ဓာတ်ခွဲဌာနမှ -ဓာတ်ခွဲအတည်ပြုလူနာသစ်(၁)ဦး၊ စုစုပေါင်း ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦးတွေ့ရှိခဲ့ကြောင်း၊ လက်ရှိချိန် ထိ စုစုပေါင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၆၁ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ မေ၄ ရက် ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ(၄)ဦးသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ အမျိုးသမီး ၃ဦးနှင့် တာမွေမြို့နယ် မှ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ထဲမှ ၃ဦးသည် ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့မှုရှိပြီး ကျန်တစ်ဦးသည် အတညိပြုလူနာများနှင့် ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များဖြစ်သည့် (Case – 51, 99, 103, 104, 105 နှင့် 109) (၆) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိပါ။ သို့ဖြစ်ပါ၍ (၄-၅-၂၀၂၀) ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ဓာတ်ခွဲနမူနာစစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိသူ စုစုပေါင်း (၄၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦးရှိပြီဖြစ်ကြောင်း၊ မေ၃ ရက်၊  နေ့လယ် (၁၂:၀၀) နာရီမှ မေ ၄ ရက် နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၁)ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)