Connect with us

MYANMAR

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား ၆၀၀ ဦးကျော်အား ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီးဖြစ် 

ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးမှုများ ပြုလုပ်နေစဉ်(ဓာတ်ပုံ-MOFA )

ရန်ကုန် ၊ မေ ၈ ရက်(ဆင်ဟွာ)

ပြည်ပနိုင်ငံအသီးသီး၌ အမှန်တကယ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယခုအခါ ဦးရေ ၆၀၈ ဦးအား ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ပြည်ပရောက် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ ထပ်မံ၍ ပြန်လည်ရောက်ရှိလာရန် ရှိနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာန ၊ ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

“အဓိကတော့ ဟိုဘက်က မြန်မာသံရုံးတွေကနေ သတင်းပို့ကြတာပေါ့။ သံရုံးတွေ သူတို့ရဲ့ နေရပ်ဌာနေတွေမှာ အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဘယ်နှစ်ယောက် ရှိကြတယ်။ မြန်မာနိုင်ငံကို ပြန်လာဖို့ အတွက် ဥပမာ ဆေးကုသပြီး ပိတ်မိနေတာတွေလဲ ရှိကြတယ်။ တစ်ချို့ကြတော့လဲ နေစရာ ၊ စားစရာ မရှိလို့ အတိဒုက္ခရောက်တာ ရှိတယ်။ ပညာသင်ကာလ ဆုံးပြီးတော့ ပညာဆက်သင်လို့လဲ မရ ပြန်လာလို့ မရ ဖြစ်နေတဲ့ နိုင်ငံသားတွေ ရှိတယ်။ အဲဒါတွေကို List တွေ သူတို့ ပို့ကြတယ်။ ပို့ကြတဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့က အခြေအနေ အချိန်အခါကို သုံးသပ်လိုက်တာပေါ့။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ပြောကြားခဲ့သည်။ 

လက်ရှိတွင် ပြည်ပနိုင်ငံအသီးသီး၌ အမှန်တကယ် အခက်အခဲကြုံတွေ့ နေသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသော မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရာတွင် ဧပြီလ ၃၀ ရက်တွင် ကိုရီးယားသမ္မတ နိုင်ငံမှ ၉၆ ဦး ၊ မေ ၂ ရက်တွင် ဂျပန်နိုင်ငံမှ ၁၉၅ ဦး ၊ မေ ၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၃၈ ဦး နှင့် ထိုင်းနိုင်ငံမှ ၁၃၅ ဦး ၊ မေ ၇ ရက်တွင် စင်ကာပူနိုင်ငံမှ ၁၄၄ ဦး စုစုပေါင်း ၆၀၈ ဦးအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

“ညှိနှိုင်းတဲ့ အခါမှာ သံရုံးတွေရဲ့ တင်ပြမှု အပေါ်မှာ မူတည်ပြီးတော့ ဒီမှာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နဲ့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့နဲ့ သုံးပွင့်ဆိုင် အရင်ဆုံး ညှိနှိုင်းပါတယ် ။ ညှိနှိုင်းတာက ဒီလူတွေ ဝင်လာလို့ ရှိရင် အရေအတွက် အနေနဲ့ ခေါ်နိုင်မယ့် အနေအထား ၊ ဒီဘက်မှာ Quarantine ပေးနိုင်မယ့် facility ပေါ့ ။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့မှ flight schedule date တွေကို ဆွဲရတာ ဖြစ်ပါတယ်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ပြောကြားခဲ့သည်။ 

“ပြီးခဲ့တဲ့ အမျိုးသား အဆင့် ဗဟိုကော်မတီ အစည်းအဝေးမှာ ပိတ်မိတဲ့ မြန်မာနိုင်ငံသားတွေကို ဆုံရပ် အနေနဲ့ ဘန်ကောက် ၊ စင်ကာပူ ၊ အိန္ဒိယ တို့ကို သတ်မှတ်ပေးလိုက်တာ ။ အဲဒီ ဆုံရပ်တွေကို မြန်မာ အမျိုးသား လေကြောင်းလိုင်း သွားခေါ်ဖို့ ဆိုပြီး လမ်းညွှန်ထားတာ ရှိတယ်။ သို့သော်ငြားလည်း အဲဒီ ဆုံရပ် သုံးခု စလုံးက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားပေါ့။ သူတို့ဆီမှာက Transit သုံးတာလဲ မရှိ ၊ နိုင်ငံတကာ commercial လေကြောင်းလိုင်းတွေလဲ ban လုပ်ထားတာ ရှိတယ် ဆိုတော့ အဆင်မပြေဘူး ဖြစ်နေတာ ။ နောက်ဆုံး ထွက်ပေါက် တစ်ခုက ထပ်တိုး ဆုံမှတ် တစ်ခု အနေနဲ့ ကိုရီးယား နိုင်ငံက အင်ချွန်းပေါ့။ ဆိုးလ်ကတော့ အားလုံးကို Transit ကိုလဲ လက်ခံတယ် ဆိုတော့ ဆိုးလ်ကနေ တဆင့် ခေါ်နေတာတွေ ရှိပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

လတ်တလောတွင် ကိုရီးယား သမ္မတ နိုင်ငံ ၊ မလေးရှား နိုင်ငံတို့မှ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ ပြန်လည် ရောက်ရှိလာရန် ရှိနေပြီး အခက်အဲတွေ့ကြုံနေရသည့် မြန်မာနိုင်ငံသားများ ရှိနေသည့် ပြည်ပနိုင်ငံများမှလည်း ပြန်လာရန် ဆန္ဒပြုထားခြင်းများ ရှိနေသေးကြောင်း သိရသည်။ 

မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့် သတ်မှတ်ချက် များနှင့်အညီ သီးခြားသတ်မှတ်ပေးထား သည့်နေရာ သို့မဟုတ် သတ်မှတ် ဟိုတယ်များ၌ ၂၁ ရက်တာ အသွား အလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးကြလျက် ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117