Connect with us

MYANMAR

ဇွန်လဆန်းမှ စပြီး COVID-19 ရောဂါပိုးအား ယခုထက် များစွာ ပိုမို စစ်ဆေးပေးနိုင်မည် ဟု ဆို

တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ က မြန်မာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် မြန်မာ နိုင်ငံ ဆေးပညာရှင်များ အား ကပ်ရောဂါ တိုက်ဖျက်မှု အတွေ့အကြုံများ မျှဝေပေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၂ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းကို လာမည့် ဇွန်လဆန်းမှ စပြီး လူဦးရေ ပိုမို များပြားစွာ စစ်ဆေးပေးနိုင်တော့မည်ဟု  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက  ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ ဖြေကြားခဲ့သည်။ 

“ဇွန်လဆန်းမှာ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် မြို့တွေမှာ RTPCR(Reverse Transcription Polymerase Change Reaction) စက်တွေနဲ့ စစ်ပါမယ်၊ ဒါတွေကို စစ်လို့ ရအောင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ယူနန်က ကျန်းမာရေး ပညာရှင်အဖွဲ ့လည်း မန္တလေးကို လာနေပါပြီ၊ မနက်ဖြန်ဆိုရင် စက် တပ်ဆင်မယ်၊ သန်ဘက်ခါမှာ မော်လမြိုင်နဲ့ တောင်ကြီးက ဆရာဝန်တွေကို သင်တန်းပေး မယ်၊ နောက် တစ်ပတ်ကျော်ကျော်ဆိုရင် လူများများ စပြီး စစ်နိုင်ပါပြီ”ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

 ကျန်းမာရေးဆိုင်ရာ တုံ ပြန်မှု အရေးပေါ် စီမံချက် အကောင်အထည်ဖော်ရန် နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ ့(IDA)ထံမှ အမေရိကန်ဒေါ်လာ သန်း ငါးဆယ် ချေးယူရေးအပေါ် လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့ ယမန်နေ့က ဆွေးနွေးခဲ့သည်များကို ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။  

RTPCR စက် မရှိသော နေရာများတွင် အဆုတ်ရောဂါ စစ်ဆေးသည့် စက်များနှင့်လည်း စစ်ဆေးနိုင်ကြောင်း၊ အဆိုပါ စက်များနှင့် ဆိုပါက မြို့ ၂၆ မြို ့တွင် စစ်ဆေးနိုင်ပြီး ရန်ကုန်အထိ သွားဖို့ မလိုတော့ကြောင်း၊ အမျိုးသား ဓာတ်ခွဲခန်းရှိ စက်၏ စွမ်းဆောင်ရည်မှာလည်း မြင့်တက် လာပြီ ဖြစ်ရာ ၂၄ နာရီလျှင် လူဦးရေ ၇၅၀ စစ်ဆေးနိုင်ပြီး ဆေးသုတေသန ဌာန၌လည်း တစ်ရက်လျှင် လူ ၃၇၀ ဦးအား စစ်ဆေးပေးနိုင်ကြောင်း၊ ကမ္ဘာ့ ကပ်ရောဂါ အရေးပေါ် ရန်ပုံငွေ အတွက် ကမ္ဘာ့ဘဏ်က ထောက်ပံ့သော အမေရိကန်ဒေါ်လာ ရှစ်သန်းအနက်မှ မြို ့ ၁၆ မြို ့တွင် PCR နီးပါး ကောင်းမွန်သည့် စက်များဖြင့် စစ်ဆေးရန် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ယခင်က Quarantine ဝင်သူ အားလုံးကို မစစ်ဆေးနိုင်ခဲ့သော်လည်း မေလ ၁၇ ရက်နေ့မှ စပြီး အားလုံးကို စစ်ဆေးနေကြောင်း၊ လေကြောင်း၊ ကုန်လမ်း တို့မှ ဝင်လာသူအားလုံးကို စစ်ဆေးနေပြီ ဖြစ် ကြောင်း၊ Quanrantine ဝင်သူများအနက် ၈၈၃၃ ဦးတို့ကို စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ ့ရှိသူ ဦးရေ မှာ ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း၊ နောင်တွင် ပိုပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးထားပြီး ဦးရေ စုစုပေါင်းမှာ မေလ ၂၁ ရက်နေ့ ည ၁၁ း ၃၀ နာရီအထိ ၁၇၁၅၂ ဦး ရှိကြောင်း၊ COVID-19 ရှာဖွေရေး၊ ကာကွယ်ရေး၊ ကုသရေး လုပ်ငန်းများ အတွက် ဘဏ္ဍာငွေ သုံးစွဲထားမှုမှာ  ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကျပ် ၇ ဒသမ ၃ ဘီလီယံ၊ ကုသရေး ဦးစီးဌာနက ကျပ် ၁၁  ဒသမ ၇ ဘီလီယံ၊ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၃၀၀ သန်း၊ လှူဒါန်းငွေများ ကျပ် ၆၆ သန်း၊ စုစုပေါင်း ကျပ် ၁၉ ဒသမ ၄၆ ဘီလီယံ ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။(Xinhua)