Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦးထပ်တွေ့၊အတည်ပြုလူနာ (၃၇၄) ဦး ထိရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း နှင့် မျက်နှာ အကာအကွယ်များ တပ်ဆင်ထားသော အမျိုးသား တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၁၄ ရက်) ၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်းအတည်ပြုလူနာ (၃၇၄) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း ပိုးတွေ့ရှိသူများသည် အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၃ ဦး၊ ယူအေအီးနိုင်ငံမှ ပြန်လာသူ ၁ ဦးနှင့် အမေရိကန်နိုင်ငံ မှ ပြန်လာသူ ၁ ဦး စုစုပေါင်း ၅ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတွေ့ရှိသူများသည် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “Local Transmission မရှိဘူးဆိုပြီး ပြည်သူတွေ ကိုမပေါ့စေချင်ပါဘူး။  အမြဲတမ်းတော့ နှာခေါင်းစည်းတပ်စေချင်ပါတယ်။’’ ဟုဆင်ဟွာသို့ သြဂုတ် ၁၄ ရက်တွင်ပြောသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၇၂၀) ခု၊ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၁၆၅) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၇၄) ခုနှင့်ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခုနှင့်ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၅၃) ခု၊စုစုပေါင်း (၁,၄၆၈) ခု အား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ ပိုးကူးစက်ခံရသူ ၅ ဦးအားထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေး မှုတွင် (၂) ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိသူ (၁)ဦး (Case- 353) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ  စုစုပေါင်း (၃၂၂) ဦးရှိကြောင်း၊ ၎င်းတို့အနက် (၃၁၄) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများ တွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။  အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)