Connect with us

MYANMAR

ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုအဖြစ် COVID-19 လူနာသစ် ၆ ဦးထပ်မံတွေ့ရှိ၊ မြန်မာနိုင်ငံတွင် အတည်ပြုလူနာပေါင်း ၄၄၁ ဦးအထိရှိလာ

နှာခေါင်းစည်းဖြင့် သွားလာနေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၂ ရက်) ည ၈နာရီ ထုတ်ပြန်ချက်အရ  COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ပြည်တွင်းကူးစက်မှုအဖြစ် ရခိုင်ပြည်နယ် ၌  ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦးထပ်မံတွေ့ရှိခဲ့ပြီး ယနေ့အထိ စုစုပေါင်းအတည်ပြုလူနာ (၄၄၁) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှသိရသည်။

ယနေ့ COVID-19 ကူးစက်ခံရသူ ၆ ဦးတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ မှ ၄ ဦးဖြစ်ပြီး  ၎င်းတို့သည် COVID-19 အတည်ပြုလူနာများ နှင့် ထိတွေ့မှုနှင့် ပြည်ပခရီးသွားရာဇဝင်မရှိသော၊ စောင့်ကြည့်လူနာများဖြစ်ကြောင်း နှင့်  ကျန် ၂ ဦးမှာ  မြောက်ဦးမြို့မှ ဖြစ်ပြီး COVID-19 ရောဂါအတည်ပြုလူနာ(Case-408) နှင့် ထိတွေ့မှုရှိပြီး  အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်ကြောင်း နှင့်  ပြည်ပသို့ခရီးသွားရာဇဝင်မရှိကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ဒီရက်ပိုင်း မှာ က COVID-19 လူနာသစ်တွေ့ရှိမှု ကများလာတယ်။ စစ်တွေက ကျွန်တော်တို့ ကို မပေ့ါကြဖို့ သတိပေးလိုက်သလိုပါပဲ။ ခုအချိန်မှာ ကျွန်တော်တို့ Stay at Home အပြင် ဒီမြို့နယ်ကလာသူတွေကို Quarantine ဝင်ရမယ် ဆိုပြီးပြောထားတယ်။’’ ဟုပြောသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် ယနေ့အထိရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၃၈) ဦး ရှိကြောင်း၊ ၎င်းတို့အနက် (၃၃၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် COVID-19 ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိခဲ့သည်။  (Xinhua)