Connect with us

MYANMAR

ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် COVID-19ရောဂါပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိရန် ယာယီ အဆောက်အအုံ (၃၀)လုံး တည်ဆောက်မည်

ခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့ထံ ယာယီ အဆောက်အအုံဆောက်လုပ်ရန် အလှူငွေပေးအပ်စဉ်( ဓာတ်ပုံ- Ministry of Social Welfare, Relief and Resettlement)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန် COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအစီအစဉ်အရ  IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် ပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိရန် ယာယီအဆောက်အအုံ Long House အလုံး(၃၀) တည်ဆောက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သောသတင်းအရ သိရသည်။ 

ဝန်ကြီးဌာန အနေဖြင့် ထိုသို့ ဆောက်လုပ်နိုင်ရေးအတွက် စုစုပေါင်းငွေကျပ် ၂၆၆.၄ သန်းကို ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများရှိ နေရပ်စွန့်ခွာရသူများအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် “COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်” ကို ရေးဆွဲခဲ့ကြောင်း၊ ထိုစီမံချက်အရ ဝန်ကြီးဌာနအနေဖြင့်  နေရပ်စွန့်ခွာသူများရှိသည့်  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် COVID-19 ကာကွယ်ရေးအစီအစဉ်များကို မတ်လထဲက စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့ကြောင်း  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

မြန်မာနိုင်ငံ၌ ဘဏ္ဍာငွေကြေးအကန့်အသတ်ဖြင့် သုံးစွဲနေရသော်လည်း ပြည်သူများဘေးဒုက္ခကျရောက်နေချိန်တွင် ပြည်သူများတိုက်ရိုက်အကျိုးရှိမည့် လုပ်ငန်းများကို ဆောင်ရွက်ပေးပါကြောင်း၊ ထို့ကြောင့် အကန့်အသတ်ရှိသော ဘဏ္ဍာငွေများကို အလေအလွင့်မရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထောက်ပံ့မှုများသည် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်းနှင့် အလေအလွင့် မရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပုက ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံဆောက်လုပ်ရေးအတွက် ရန်ပုံငွေထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခြင်းအပြင် COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရ ခိုင်ပြည်နယ်ရှိ   IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသော အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများဝယ်ယူနိုင်ရန် အိမ်ထောင်စု (၄၀,၁၀၃) စုအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁.၆ ဘီလီယံကျော်ကိုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)