Connect with us

MYANMAR

သြဂုတ် ၁၆ ရက်တွင် စတင်ကာ ပြည်တွင်းကူးစက်မှု အသစ်များပြန်တွေ့၍ လက်ရှိအချိန်သည် ပြည်တွင်းကူးစက်မှု ဒုတိယလှိုင်းစပြီဖြစ်ကြောင်းဆို 

နှာခေါင်းစည်းဖြင့်သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု ပထမလှိုင်းသည် ဇူလိုင် ၁၆ ရက်တွင် အတည်ပြုလူနာ နောက်ဆုံးတစ်ယောက်တွေ့ရှိကာပြီးဆုံးသွားပြီးနောက် ၁ လအကြာ သြဂုတ် ၁၆ ရက်တွင် စတင်ကာ ပြည်တွင်းကူးစက်မှု အသစ်များပြန်တွေ့၍ လက်ရှိအချိန်သည် ပြည်တွင်းကူးစက်မှု ဒုတိယလှိုင်းစပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ဒေါက်တာသန်းနိုင်စိုးက “ပြည်တွင်းကူးစက်မှု ကို သီးခြားဖယ်ပြီးပြောရင် ပြည်တွင်းကူးစက်မှု ပထမလှိုင်းသည် ဇူလိုင် ၁၆ ရက်မှာ ပြီးသွားပြီလို့ပြောလို့ရတယ်။ ပြည်တွင်းကူးစက်မှု ဒုတိယလှိုင်းက သြဂုတ် ၁၆ ရက်မှာ ပြန်စတင်လာတယ်။ ပြည်တွင်းကူးစက်မှုတွေ ဆက်တိုက် ဆက်တိုက်ဖြစ်လာတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုတိယလှိုင်းအတွက် ကူးစက်မှုအများဆုံး epicenter လို့ပြောလို့ရတယ်” ဟုပြောသည်။

မြန်မာနိုင်ငံ တွင်၂၀၂၀ ပြည့်နှစ် မတ်၂၃ ရက် ၌ COVID-19 ကူးစက်ခံရသူအား  စတင်တွေ့ရှိခဲ့ကြောင်း၊ ၎င်းသည်ပြည်ပကူးစက်မှုဖြစ်ကြောင်း၊ ပထမလှိုင်း ၏ ပြည်တွင်းကူးစက်မှု သည် မတ် ၂၇ ရက်တွင် စတွေ့ကြောင်း၊  ရန်ကုန်မြို့တွင်ပြည်တွင်းကူးစက်မှုသည် မေလ ၁၇ ရက် တွင်းပြီးဆုံးကြောင်း၊ သို့သော် နိုင်ငံခြားမှ ဝင်ရောက်လာသူများ ကြားထဲ တောက်လျှောက်ပိုးတွေ့ကြောင်း၊  ပြည်တွင်းကူးစက်မှုများလည်း ကြိုးကြား၊ ကြိုးကြားတွေ့ရကြောင်း၊ ဇွန် ၁၆ ရက်တွင်တော့ ပြည်တွင်းကူးစက်မှု ပထမလှိုင်းလုံးဝပြီးဆုံးကြောင်း သိရသည်။

“ပြည်ပကူးစက်မှုဝင်လာတဲ့ အနေအထားကိုကြည့်ရင် ပြည်ပထဲက ဇွန် ၁၈ ရက်မှာ ၂၃ ယောက် အများကြီးဖြစ်ပြီးတဲ့နောက်ပိုင်း မှာ ပြည်ပ ကူးစက်မှု ကလည်းပြတ်တောင်းပြတ်တောင်းလေး ဖြစ်သွားတယ်။ ဒီရက်ပိုင်းကတော့ နည်းနည်းလေး ပြည်ပကူးစက်မှုပြန်များလာတယ်။ သြဂုတ် ၁၉ ရက်မှာ ၁၅ ယောက်ပြန်တွေ့တယ်။ အားလုံးခြုံငုံသုံးသပ်ရင် ပြည်တွင်းကူးစက်မှု အနေနဲ့ က ဒုတိယလှိုင်းဆိုတာသေချာတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ပြည်တွင်းကူးစက်မှု ဒုတိယလှိုင်းအစ Case 375 နောက်ပိုင်းတွင် Case များ ပေါ်ထွက်လာသည့်အခါ မတူညီသောနေရာ၊ လူ့အဖွဲ့အစည်းထဲတွင်မည်သည့်နေရာက ကူးစက်ကြောင်း လိုက်လို့မရသည့်နေရာ၊ အလားတူ လိုက်လို့ မရသည့် case များ ဆက်တိုက်ပေါ်ထွက်လာကြောင်း သိရသည်။

“ပြည်သူတွေ တစ်ဦးချင်းပူးပေါင်းပါဝင်ပါ။ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ခြင်း၊ မဖြစ်မနေမှသာ အပြင်သို့သွားရောက်ခြင်း၊ အပြင်က ပြန်ရောက်ရင် လက်ဆေး၊ အဝတ်အစားတွေလျှော်ဖွပ်ခြင်း၊ ကိုယ်လက်သန့်စင်ခြင်း တွေကို စဉ်ဆက်မပြတ်လုပ်ဖို့ လိုတယ်။ ပထမလှိုင်းအေးသွားတဲ့အချိန်မှာ ပြည်သူတွေက နည်းနည်းပေါ့လာတယ်။ အိပ်ပျော်နေသူကို လှန့်နှိုးလိုက်သလိုပဲ။ ဒုတိယလှိုင်းက အချိန်မရွေး၊ နေရာမရွေးပေါ်ပေါက်လာနိုင်တယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်တွေ ကိုလိုက်နာဖို့ နှိုးဆော်ပါတယ်။ ပြည်သူသာ အဓိကဖြစ်လို့ ပြည်သူ့ပူးပေါင်းပါဝင်မှုနဲ့ ဒုတိယလှိုင်းကြီးကြီးမားမားဖြစ်မှာ ကိုရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။’’ ဟု ၎င်းကတိုက်တွန်းပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် “မိမိဆန္ဒအလျောက်” ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်မည့် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦးနှင့် လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (၁၃) ဦးနှင့် သူနာပြုဆရာမကြီး (၃) ဦးတို့ကို ဆေးနှင့် ဆေးပစ္စည်းကိရိယာများနှင့်အတူ အထူးလေယာဉ်ဖြင့် ဩဂုတ်လ (၂၃) ရက်တွင် ထပ်မံပို့ဆောင်သွားမည်ဖြစ်ပါကြောင်း ၊ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို စစ်တွေပြည်သူ့ဆေးရုံကြီးတွင် GeneXpert စက် (၂) လုံးဖြင့် စစ်ဆေးလျက်ရှိပြီး ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦးနှင့် အဏုဇီဝဗေဒပညာရှင် (၂) ဦးကိုလည်း အင်အားဖြည့်တင်း ယာယီတာဝန်ချထားပြီးဖြစ်၍ ဩဂုတ်လ (၂၃) ရက်တွင် သွားရောက်ကြမည်ဖြစ်ပါကြောင်းနှင့်စစ်တွေပြည်သူ့ဆေးရုံကြီးတွင် လူနာထားရှိရန်နေရာများ တိုးချဲ့ခြင်းကိုလုပ်ဆောင်နေပြီး လိုအပ်ပါက ယာယီဆေးရုံများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါကြောင်း သြဂုတ် ၂၂ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)