Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအား ဦးစားပေးကဏ္ဍအဖြစ်ကုစားသွားမည်

ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းများ နှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ကို ဦးစားပေးကုစားရမည့် ကဏ္ဍများ အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ကြေညာချက်အမှတ် (၁/၂၀၂၀) ထုတ်ပြန်ချက်ကို မတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ နှင့် လူမှုဖူလုံရေး ရံပုံငွေမှ ကျပ် ၅၀ ဘီလီယံ စုစုပေါင်းကျပ် ၁၀၀ ဘီလီယံ ကို ကနဦး မတည်ငွေ အဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 ရံပုံငွေ ထူထောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။အဆိုပါရံပုံငွေဖြင့် COVID-19 ကြောင့် စီးပွားရေး အဓိက ထိခိုက်သွားသည့် အထည်ချုပ် လုပ်ငန်းများ၊ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းများ နှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ  ကို အတိုးနှုန်း  ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁ နှစ် သတ်မှတ် ၍ ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊စီးပွားရေး ထိခိုက်မှုပေါ်မူတည်ပြီး အတိုးနှုန်း နှင့် ချေးငွေ ကာလ ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းများ နှင့် အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ၃ လ တစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်  နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန် တို့ နှင့်  ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက် တွင် ကုန်ဆုံးမည့် ဒုတိယ ၃ လပတ် အတွက် ၎င်း၊ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးမည့် တတိယ ၃ လ ပတ် အတွက် ၎င်း၊ ၃လ တစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်များ ကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မတ် ၃၁ ရက် တွင် ကုန်ဆုံးမည့် လအတွက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်တွင်ကုန်ဆုံးမည့် လအတွက်အထိလစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များ ကို စက်တင်ဘာ ၃၀ ရက် အထိ ပေးဆောင်နိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)