Connect with us

MYANMAR

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများ Video Conferencing စနစ်ဖြင့် ချိတ်ဆက်ဆွေးနွေး 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင် ဆောင်ရွက် နေသူများနှင့် ယနေ့ ဧပြီ ၃ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့ အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆွေးနွေးခဲ့ရာတွင် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အများဆုံးပြန်လည် ဝင်ရောက် လာချိန်တွင် အကြီးမားဆုံးသော စိန်ခေါ်မှု၊ မြဝတီမြို့မှတစ်ဆင့် ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာအလုပ်သမားများ၏ ကျန်းမာရေး ဗဟုသုတနှင့် COVID-19 နှင့်ပတ်သက်၍ နားလည်လက်ခံမှုအခြေအနေ၊ မြန်မာအလုပ်သမားများ၏ ပူးပေါင်းဆောင်ရွက်မှု၊ နေရပ်ပြန်မြန်မာ အလုပ်သမားများ၏ အနာဂတ်အလုပ်အကိုင် အတွက် စိုးရိမ်ပူပန်မှုအခြေအနေနှင့် တွေ့ကြုံနေရသည့် အခက်အခဲများ၊ Quarantine ကာလပြီးမြောက်ပါက ကျန်းမာရေးထောက်ခံချက် ထုတ်ပေးရေး၊ ယာဉ်မောင်းများအား ကျန်းမာရေးအသိပညာပေးရေးနှင့် ကျန်းမာရေးအကာအကွယ်ပေးရေး၊ နေရပ်ပြန်မြန်မာ နိုင်ငံသားများ အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက် ပဒုမ္မာလမ်းမှ ဒေါ်သူဇာဦး၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှ ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်နှင့် မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ရဲစခန်းဝန်းနေ ရဲတပ်ကြပ်ကြီး မင်းဇော်ဝင်းတို့က ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများ Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံစဉ်(ဓာတ်ပုံ – Myanmar State Counsellor Office)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ဖြစ်ပွားနေချိန်၌ တစ်ဦးနှင့်တစ်ဦး စိတ်ပိုင်းဆိုင်ရာစုစည်းမှု ပိုမိုလိုအပ်နေချိန်တွင် ရုပ်ပိုင်းဆိုင်ရာကို ခွာနိုင်သမျှခွာ၍ နေထိုင်ရန် လိုအပ်ကြောင်း၊ ယခုစိန်ခေါ်မှုကို အကောင်းဆုံးကျော်လွှားနိုင်ရန် အခြေအနေအရ ကန့်သတ်ချက်များကို ညီညီညွတ်ညွတ်ဖြင့် အားလုံးက ပူးပေါင်းဆောင်ရွက်နိုင်မည်၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာနိုင်မည်ဆိုလျှင် COVID-19 ပြန့်ပွားမှုကို လုံးဝရပ်ဆိုင်း၍ မရသော်လည်း ထိန်းမနိုင်သိမ်းမရသည့် အဆင့်သို့ မရောက်ရှိအောင် မိမိတို့အနေဖြင့် ထိန်းသိမ်းသွားနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် တစ်ဦးချင်း တစ်ဦးချင်း တာဝန်သိစိတ်ဖြင့် ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်အသိုင်းအဝိုင်း အတွက်၊ ကိုယ့်နိုင်ငံအတွက် ဝိုင်းဝန်းကြိုးစားကြမည်ဟု မျှော်လင့်ပါကြောင်း နိဂုံးချုပ်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)