Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၂ ဦး ထပ်တိုး ၊ အတည်ပြုလူနာ ၁,၆၁၀ ဦးရှိလာ

ရန်ကုန်မြို့၌ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ကလေးငယ်အား ကိုယ်ပူချိန်တိုင်းတာစစ်ဆေးမှု ပြုလုပ်နေသည်ကို မေလအတွင်း တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ အတည်ပြုလူနာသစ် ၉၂ ဦးအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၆၁၀ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

ယခုတွေ့ရှိခဲ့သည့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၂ ဦးမှာ ဓာတ်ခွဲနမူနာ (၁,၅၂၇)ခု အား စစ်ဆေးခဲ့ပြီးနောက် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၇ ရက်အတွက် စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၆၉၇)ခု အား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၁၄၆ ဦး တွေ့ရှိခဲ့ကြောင်း ၊ ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ 

ထို့အတူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စက်တင်ဘာ ၇ ရက်အထိ စုစုပေါင်း (၃၈၈) ဦးရှိကြောင်း ၊ ၎င်းတို့အနက် ၃၆၉ ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ယခုအခါတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၆၁၀ ဦးအနက် သေဆုံးခဲ့သူ ၈ ဦး ရှိကြောင်း သိရသည်။ (Xinhua)