Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးမှ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉ ဦး အပါအဝင် လူနာသစ် ၅၄ ဦး ထပ်တိုး  

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉ ဦး အပါအဝင် လူနာသစ် ၅၄ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ညတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁,၅၁၈ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၄ ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ၉ ဦး ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံ နှင့် ချမ်းမြသာစည်မြို့နယ်တို့မှ ၅ ဦး ၊ ရန်ကုန်တိုင်းဒေသကြီး ၁၇ မြို့နယ်မှ ၃၉ ဦး နှင့် မွန်ပြည်နယ် ပေါင်မြို့နယ်မှ တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စက်တင်ဘာ ၇ ရက်အထိ စုစုပေါင်း (၃၈၈) ဦးရှိကြောင်း ၊ ၎င်းတို့အနက် ၃၆၉ ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၇ ရက်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၆၅၆)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၃၉) ခု ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ဓာတ်ခွဲနမူနာ (၁၅၁) ခု စုစုပေါင်း ၁,၁၇၀ ခု အား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)