Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Quarantine ဝင်ရောက်သူ များပြားလာသည့်အတွက် ရက်လျှော့ချထားမည်ဟု ဆို 

ခရီးသည်တင်သင်္ဘောပေါ်တွင် နှာခေါင်းစည်းဖြင့် လိုက်ပါ စီးနင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူဦးရေ ၆,၀၀၀ ကျော်ရှိနေသည့်အတွက် နေရာအခက်အခဲရှိလာသောကြောင့် Quarantine ဝင်ရောက်ရသည့် ရက်ကို လျှော့ချသွားရန်စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၈ ရက်တွင်ပြောကြားသည်။

ယနေ့ရက်ပိုင်းများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါအတည်ပြုလူနာသစ်များ နေ့စဉ် တွေ့ရှိလျက်ရှိနေသောကြောင့် ၎င်းလူနာသစ်များ နှင့် ဆက်စပ်သူများအား Quarantine ထားရှိရေးနှင့် ပတ်သက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အနေဖြင့် လိုအပ်သောစီစဉ်များဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

“Quarantine ထားမယ့်ရက် ကိုလျှော့ချတာနဲ့ ပတ်သက်ပြီး ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန အနေနဲ့ မကြာခင် ထုတ်ပြန်သွားဖို့ရှိပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး ပြည်သူများမပေါ့ဖို့ပြောချင်ပါတယ်။  ကူးစက်မှုက ပိုမြန်လာတယ်။ ဗိုင်းရပ်စ် ကလည်းပျော့သွားတယ်လို့ပြောလို့မရဘူး။ COVID-19 ရောဂါ ပိုးကူးစက်ခံရသူအသစ်တွေများပြားလာတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ MOHS အနေနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲဖို့၊ ထုတ်ပြန်စရာရှိတာတွေလည်း မကြာခင်ထုတ်ပြန်သွားဖို့ရှိပါတယ် ‘’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး Quarantine Center များနေ့စဉ်လိုအပ်ချက်ရှိနေသော်လည်း တာဝန်ရှိသူများ အနေဖြင့် ရန်ကုန်မြို့ ၏ လူနေမှု ပုံစံအရ Home Quarantine ထားရှိပါက အန္တရာယ်ရှိလာနိုင်သောကြောင့် ထိုကိစ္စ နှင့် ပတ်သက်၍ အသေးစိတ်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယခုရက်ပိုင်းများတွင် COVID-19 ရောဂါ ကူးစက်ခံရသူများ နေ့စဉ် ရာချီ တွေ့ရှိနေသောကြောင့် ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ကြရန်၊ နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်၍ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာ ဖြင့် နေထိုင်ရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

“နှာခေါင်းစည်းတပ်ပေမယ့် ကူးစက်ခံရတာတွေ မဖြစ်ဖို့ နှာခေါင်းစည်း ကို တတ်ရင် အရည်အသွေးကောင်းတာ လေးတွေ၊ ၃ လွှာ နှာခေါင်းစည်း မျိုး၊ နှာခေါင်းစည်းဝတ်ဆင်မှု က အရမ်းအရေးကြီးပါတယ်။ မေးမှာ ချိတ်ထားတာ တွေ မလုပ်သင့်ဘူး။ ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှု ကအရေးကြီးပါတယ်။ ပြည်သူအားလုံးရဲ့ ပူးပေါင်းပါဝင်မှု ကသာ ဒီကာလ ကိုကျော်ဖြတ်နိုင်မှာ ဖြစ်လို့ ပြည်သူတွေ ကိုပူးပေါင်းပါဝင်စေချင်ပါတယ်’’ ဟု ဒေါက်တာသန်းနိုင်စိုး က ဆိုသည်။  (Xinhua)