Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၇၀၀ ကျော် ရှိလာ ၊ လူနာ နှစ်ဦး ထပ်မံသေဆုံး 

ရန်ကုန်မြို့၌ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ကိုယ်ပူချိန်တိုင်းတာစစ်ဆေးမှု ပြုလုပ်ပေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ အတည်ပြုလူနာသစ် ၉၉ ဦးအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၇၀၉ ဦးရှိလာခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။ 

ယခုတွေ့ရှိခဲ့သည့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၉ ဦးမှာ မန္တလေးတိုင်းဒေသကြီး မြင်းခြံ ၊ သာစည် ၊ အောင်မြေသာဇံ မြို့နယ်တို့မှ ၁၆ ဦး ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၂၄ မြို့နယ်မှ ၇၅ ဦး ၊ ရခိုင်ပြည်နယ် စစ်တွေ ၊ ကျောက်ဖြူမြို့နယ်တို့မှ ၅ ဦး ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှ  ၁ ဦး နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တို့မှ ၂ ဦး ဖြစ်ကြောင်း သိရသည်။ 

COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများအနက် ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် ၆၅ နှစ် အရွယ် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (Case – 1629 ) ဆီးချို၊ သွေးတိုးရောဂါအခံရှိသူ အမျိုးသားတစ်ဦးသည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက် ပျက်စီးခြင်း ရောဂါဖြင့် စက်တင်ဘာ ၇ ရက် ၊ နေ့လယ်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။ 

ထို့အတူ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၈၂) နှစ် အရွယ် ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူ အမျိုးသမီးတစ်ဦးဖြစ်သူ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (Case – 1485) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက် ပျက်စီးခြင်း ရောဂါဖြင့် စက်တင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၄၆၀) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

ယခုအခါတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁,၇၀၉ ဦးရှိပြီး ၎င်းတို့အနက် သေဆုံးသူ ၁၀ ဦး ထိရှိလာကြောင်း သိရသည်။ (Xinhua)