Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦး ထပ်မံ သေဆုံး ၊ သေဆုံးသူ စုစုပေါင်း ၁၈ ဦး ရှိလာ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင် သွားလာသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် အသက် ၇၅ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦး နှင့် အသက် ၉၀ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ သေဆုံးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် အတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း ၁၈ ဦး ထိရှိလာပြီဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၅) နှစ်အရွယ် အမျိုးသား (Case-2523) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးဆိပ်သင့်ခြင်း၊ အသည်းရောင်အသားဝါရောဂါ (စီပိုး) ကုသမှုခံယူနေရခြင်းတို့ကြောင့် စက်တင်ဘာ ၁၂ ရက် ည ၈ နာရီ ၁၀ မိနစ် အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အရိုးပွရောဂါ၊ သွေးတိုးရောဂါအခံရှိသူ အသက် (၉၀) နှစ်အရွယ် အမျိုးသမီး (Case-2260) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းရောဂါဖြင့် ယနေ့ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၁၂ ရက်အတွက် အတည်ပြုလူနာသစ် ၃၅၁ ဦး ရှိခဲ့ပြီး တစ်ရက်တည်းတွင် အများဆုံး ပမာဏ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ အတည်ပြုလူနာသစ် ၃၅၁ ဦးမှာ နေပြည်တော် ဥတ္တရသီရိ ၊ ဒက္ခိဏသီရိ ၊ ဇမ္ဗူသီရိမြို့နယ်တို့မှ ခုနှစ်ဦး ၊ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း ၊ အမရပူရ မြို့နယ်တို့မှ ခြောက်ဦး ၊ မကွေးတိုင်းဒေသကြီး မြို့သစ် ၊ နတ်မောက် မြို့နယ်တို့မှ နှစ်ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက် ၊ ကောလင်း မြို့နယ်တို့မှ နှစ်ဦး ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၃၈ မြို့နယ်မှ ၂၇၂ ဦး ၊ ရခိုင်ပြည်နယ် မြို့နယ် ၈ မြို့နယ်မှ ၃၄ ဦး ၊ မွန်ပြည်နယ် ကျိုက်ထို ၊ မော်လမြိုင် ၊ မုဒုံ ၊ သထုံမြို့နယ်တို့မှ ၂၁ ဦး ၊ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှ တစ်ဦး ၊ တနင်္သာရီတိုင်းဒေသကြီး မြိတ် ၊ ထားဝယ် မြို့နယ်တို့မှ နှစ်ဦး ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ၊ ကန်ကြီးထောင့် ၊ ဝါးခယ်မ မြို့နယ်တို့မှ  လေးဦးတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)